ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၁၉

ကိုရွှေဘကတော့ ရှုံးသွားတာတောင် ကြက် အဆင်း ဖားအတက်ကွာ
သေချာပေါက်အကွက်ကြီး
ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ပွစိစိလုပ်လို့ကောင်းတုံး။
အိပ်ကပ်ထဲဟိုဟိုဒီဒီနှိုက်ကြည့်လိုက်တော့
လေးဆယ့်ငါးကျပ်တန်လေးတစ်ရွက်ကျန်သေးတယ်။ ဗိုက်က
ပိုဆာလာတာ တဂွီဂွီတောင်မြည်လာပီ။ ဒါနဲ့ခေါက်ဆွဲဆိုင်ဝင်တယ်။
သောက်ရှက်ကွဲချင်တော့ ကျောက်သင်ပုန်းနဲ့
စာရေးထားတာက ကြက်ပေါင်းခေါက်ဆွဲတစ်ပွဲ(၂၅ကျပ်) တဲ့။
ပိုက်ဆံက၂ယောက်ပေါင်း၅၀မပြည့်တော့ဘူး တောက်! ကိုရွှေဘက
ငါမစားတော့ဘူး မင်းပဲစားတော့ကွာဆိုပီး အလကားရတဲ့
ရေနွေးကြမ်းတွေငဲ့သောက်နေတယ်။
ကျနော်လည်းဗိုက်ဆာနေတာချင်းတူတူ တစ်ယောက်ထဲ
တော့မစားချင်ပါဘူးဗျာ။ ဘယ့်နှယ်မရှိအတူရှိအတူတွေဟာ။
ခေါက်ဆွဲလည်းမမှာဖြစ်သေးပဲ ရေနွေးတစ်ခွက်မော့သောက်ရင်းနဲ့မှ
ကိုရွှေဘ ၀တ်ထားဆဲ ကျနော့် ဖရီးဂျက်ကက်ကို တွေ့လိုက်ရမှ
အသိတစ်ချက်ဝင်လာတယ်။ ဟိုအရုပ်ကလေး။
ဟုတ်တယ်လေ..သူ့အပေါ်မှာထွင်းထားတဲ့
စာတွေက စိတ်အကြံရှိသမျှအောင်စေမည်လို့ပြောထားတာ အဲ့ဒီအထဲမှာ
လောင်းကစားပါချင်ပါမှာပေါ့ဗျ။ မိန်းမကိစ္စပဲသက်သက်ဖြစ်ချင်မှဖြစ်မယ်။
ကိုရွှေဘ.. ကျနော့်ဂျက်ကက် ချွတ်ပေးစမ်းပါဦး.. ပီးတော့ ခင်ဗျား
ဒီဆိုင်မယ် ခဏထိုင်စောင့်နေဦး ကျနော်ကိစ္စတစ်ခုရှိလို့ ...
ဘာလဲဟ.. အိမ်ပြန်မယ်လေ
ခဏနေစမ်းပါဦး ထိုင်နေအေးဆေး
ကသောကမျှောနဲ့ လောင်းကစားဝိုင်းတွေဖက်ကို
ကျနော်ပြေးထွက်လာခဲ့တယ်။ ဖရီးဂျက်ကက်အတွင်းအိတ်ထောင်ထဲက
သစ်သားရုပ်ထုလေးကိုလက်နဲ့စမ်းပီး ခပ်ဖွဖွပွတ်သပ်ရင်း ခုနက
လေးကောင်ဂျင်ဝိုင်းကို ပြန်ရောက်လာပြန်ပီ။
လူနီကြီးလည်း ကျနော့်ဘေးမှာ လာမရပ်ပါလား။
စီးကရက်တစ်လိပ်လောက် အိတ်ကပ်ထဲက ထုတ်ပီးဖွာနေရင်း
ခဏငေးနေသေးတယ်။ လက်ထဲမှာတော့ လေးဆယ့်ငါးကျပ်တန်
အနွမ်းကလေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားလို့ပေါ့။ ရုတ်တရက်
နားထဲမှာ ဆူညံနေတဲ့
လူသံတွေကိုဖောက်ထွက်လာတဲ့ အသံတစ်ခုကြားလိုက်ရတယ်။
ကျနော်ရင်းနှီးတဲ့အသံ မှန်းရိပ်မိလိုက်တယ်။
"မင့်စိတ်ထဲကအတိုင်းဆန္ဒရှိတဲ့အတိုင်းကြံတဲ့အတိုင်း"
ကြည်ကြည်လင်လင်ကြားလိုက်ရတဲ့ အသံအဆုံးမှာ ကျနော့်လက်ထဲက
လေးဆယ့်ငါးကျပ်တန်ကလေးကို
ဇယားကွက်ပေါ်က ၀က်အရုပ်ပေါ်ကို ပစ်တင်လိုက်တယ်။
တခြားထိုးသားတွေကလည်း ငွေစက္ကူတွေဖွေးဖွေးလှုပ်အောင်
တခြားအရုပ်တွေပေါ်ပစ်တင်နေကြပီ။
လက်ရှောင်! ပေါက်ကောင်ဖွင့်မယ်.. ဟိုင်း
ဝက်ကုန်းးး
အံစာသီးကို အုပ်ထားတဲ့ ယွန်းခွက်ကလေးကို လှပ်လိုက်တော့ ၀က်ဗျ။
ကျနော်အလျော်ရတယ်။ ၄၅ကျပ်ကို ၃ဆ ဆိုတော့
၁၃၅ကျပ်လျော်လာတယ်။ နဂိုရှိရင်းစွဲ အရင်းနဲ့ပေါင်းလိုက်တော့ ၁၈၀။
အလျော်အစားလုပ်တဲ့ လူတွေထဲကတစ်ယောက်က ကျနော့်ကို
ပိုက်ဆံလှမ်းလျော်ပေးပေမယ့် ခေါင်းခါပြပီး ဆက်ထိုးထားဖို့
လက်ပြလိုက်တယ်။ နောက်တစ်လက် ထပ်ဖွင့်တယ်။ ၀က်ပဲဗျ။
ဒါတိုက်ဆိုင်မှုသက်သက်လား ဘာလား ကျနော်မသိတော့ဘူး။
ရင်ဘတ်ထဲမှာ တအားလှုပ်ရှားလာပီ။ ၁၈၀ကို၃ဆလျော် အရင်းနဲ့ပေါင်း
၇၂၀ကျပ်။
မယူသေးပဲ ဆက်ထိုးတယ်ဆိုတော့ အံ့သြသလို အကြည့်ခံလိုက်ရပီ။
တတိယအကြိမ်ဆက်ဖွင့်တယ် ၀က်ပဲ။
ကျနော့်ရင်တွေတစ်ခုလုံးဗလောင်ဆူလာပီ။ ခုတော်သင့်ပီထင်တယ်။
ကျနော့်အရင်း ၂၀၀၀မကဘူးရထားပီမလား။ ၂၈၈၀ကျပ်ဆိုတော့
အကောက်နှုတ်လိုက်ရင်တောင်
ပိုက်ဆံ ၈၀၀လောက်အမြတ်ထွက်နေပီ။ ဟင့်အင်းဗျာ! မယူသေးဘူး
ဆက်ထားလိုက်မယ်.. နောက်တစ်လက်ပေါ့ မယုံဘူး ဒါက
ကံတရားသက်သက်ကြီးပါ။ မယူဘူး ဆက်ထိုးတယ် ဟေ့လူ!
xxxxx xxxxx xxxxxx
"စူပါစိန်-လေးကောင်ဂျင် ကြိုက်ထိုးကြိုက်ခံဒိုင်" ဆိုတဲ့နဖူးစည်း
အောက်က လေးကောင်ဂျင်ဝိုင်းမှာ လူအုပ်ကြီးက
ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေတာ
မယုံနိုင်စရာပဲဗျ။
ဒီလောက်လူတွေအများကြီးကို ဘာအသံမှမကြားရတော့ဘူး။
ကျနော့်ဘေးနားမှာ ရပ်နေတဲ့ လေးကောင်ဂျင်ထိုးနေသူ
ရှမ်းအဘွားကြီးတစ်ယောက် ဒန်မီးခြစ်ကြီးနဲ့
ဆေးပေါ့လိပ်တစ်တောင်လောက်ကို မီးညှိဖို့ကြိုးစားနေတာ
လက်တုန်နေလို့ မီးမစွဲဘူးဖြစ်နေရှာတယ်။ စိတ်လှုပ်ရှား
နေတယ်ထင်ပါ့။ ခုအားလုံးရဲ့မျက်လုံးက ကျနော့်ဆီရောက်နေကြပီဗျ။
ခုလောလောဆယ် ၀က်ကျနေတာ ဘယ်နှစ်လက်ရှိသွားပီလဲ
မမှတ်မိတော့ဘူးဗျ။ ၁၂လက် လား ၁၃ လက်လား?
သေသေချာချာမမှတ်မိတော့ဘူး။ ဇယားကွက်ပေါ်က
ဝက်အပေါ်မှာဖွေးဖွေးလှုပ်နေတဲ့ ငွေစက္ကူတွေ၊
အုပ်လိုက်စီထားတဲ့ ၂၀၀တန်တွေ အကုန်လုံးက
ကျနော့်ပိုက်ဆံတွေချည်းပဲ။ စပီးချထိုးလိုက်ကထဲက
ပြန်မကောက်သေးဘူး။ ဒိုင်က ပိုက်ဆံတွေကို အကပ်လိုက် စင်ပေါ်မှာ
တင်ပီး အလျော်အစားလုပ်တဲ့ဒိုင်၊ ဒါပေမယ့်
ခုဘယ်သူ့ကိုမှအထိုးမခံတော့ဘူး။ ကျနော်နဲ့တစ်ယောက်ချင်း ချကုန်ပီ။
ကျန်တဲ့လူပိတ်တယ် မင်းတစ်ယောက်ထဲထိုး။ သတ္တိရှိရင် ဒီ ၀က်ပဲ
ဆက်ထိုးနေဆိုပီး စိမ်ခေါ်တာ
၇လက်လောက်ဆက်တိုက်လျော်ပီးကထဲကဗျ။ ကျနော်ဆိုတဲ့
ဖိုးသက်ကလည်း မိုက်တိမိုက်ကန်းချာတိတ်ကလေးဆိုတော့
စီးကရက်ခဲပီး ပြုံးမဲ့မဲ့နဲ့ ပိုက်ဆံတစ်ပြားမှပြန်မနှုတ်ပဲ
ဆက်ထိုးနေလိုက်တာ
ခု ပိုက်ဆံအပုံကြီးကြောက်စရာကောင်းအောင်ကြီးလွန်းလာလို့
တခြားဝိုင်းက လူတွေပါ အုံပီးကြည့်နေကြတာလေ။ သူတို့
အံစာလှည့်တဲ့လူ၃ယောက်ပြောင်းပီးပီ ၀က် ကနေ ဘာမှမပြောင်းဘူးဗျ။
ရုတ်တရက်လူတွေကြားထဲ အတင်းတိုးပီး ကျနော့်ဘေးကို
လူတစ်ယောက်အတင်းဝင်လာတယ်။
ဟိုက်! ဘာတွေဖြစ်ကုန်တာလဲ ဖိုးသက်?
ကျနော် ဂျင်ထိုးနေတာလေ ကိုရွှေဘ
တော်ပီလေ.. ပြန်မယ် ချီး.. မင်းရူးနေတာလား ဒီလောက်ကြီးရထားပီ
အဲ့ဒီအပုံကြီးထဲမှာ ကျနော့်ပိုက်ဆံက လေးဆယ့်ငါးကျပ်ပဲပါတာလေ..
ကိုရွှေဘပဲသင်ထားတာ
ဆက်တိုက်ရင်သူပြုတ်ကိုယ်ပြုတ်အသေတွယ်ရတယ်ဆို..
မင့် မင့် မင့် (ကိုရွှေဘ စကားထစ်သလိုဖြစ်နေတယ်) အရင်း ၂၀၀၀
ပြန်ယူထားပီးပီလား
ဟင့်အင်း .. မယူထားသေးဘူး
ဒါဆိုနေဦးကွာ.. အရင်း၂၀၀၀... ရံပုံငွေ၂၀၀၀ နှုတ်လိုက်မယ် ကျန်တာ
မင့်သဘော
ပြောပြောဆိုဆိုနဲ့ ကိုရွှေဘတစ်ယောက် ကုန်းကွကွလုပ်ပီး
ပိုက်ဆံအပုံကြီးထဲက ၂၀၀တန်၂အုပ်
၃အုပ်လောက်လှမ်းနှိုက်လိုက်တယ်။
ကဲ! ရပီလေ.. နင့်ဖာသာ လုပ်ချင်သလိုလုပ်တော့ .. ပိုက်ဆံတွေကို
ခါးပုံစထဲ သိပ်ထည့်ရင်း ကိုရွှေဘက ကျနော့်ကို
ဆက်ထိုးချင်ထိုးတော့လို့အချက်ပြတယ်။ ရယ်ချင်စိတ်ကို
မနည်းမျိုသိပ်လိုက်ရတယ်။ ဒီလို
စိတ်တူကိုယ်တူမိုက်လွန်းလို့များအတွဲမိနေတာလားမသိပါဘူးဗျာ။
(ဖိုးသက်.. အဲ့ပိုက်ဆံအပုံကြီးက
ဂျစ်ကား၂စီးဝယ်လို့ရလောက်တယ်နော့်) ကိုရွှေဘက
သူများမကြားအောင် ကျနော့်နားရွက်နားကပ်ပီး
လေသံကလေးနဲ့တစ်ချက်သတိပေးတယ်။ ဒါပေမယ့် သူ့လက်ထဲမှာ
ပိုက်ဆံတော်၂ယူထားပီးပီမို့ သိပ်တော့ အရေးလုပ်ဟန်မတူတော့ဘူးဗျ။
ဒိုင်က ဂျင်ကို မွှတ်နေအာင်ထပ်လှည့်လိုက်ပြန်ပီ။ ယွန်းခွက်ကလေးနဲ့
အံစာကိုအုပ်လိုက်ပီ။ လူတွေအကုန်လုံးက တိတ်ပီး
စောင့်ကြည့်နေကြတယ်။ အံစာ သီးရပ်ပီး အောက်ခံကြွေပန်းကန်နဲ့
ထိခတ်သံထွက်လာတော့ တိတ်ဆိတ်နေတာမို့အကျယ်ကြီးပဲဗျ။

ချလွမ်!
ကဲ.. ထိုးသားလေး ၀က်ပဲဆက်ထိုးမှာ ဟုတ်လား??
ဒိုင်လုပ်တဲ့လူက ဂျင်ကို အုပ်ထားတဲ့အုပ်ဆောင်းကိုဖွင့်တော့မလို
ဟန်ရေးပြပီး "အာ" လိုက်သံကြောင့် ကျနော်တစ်မျိုးဖြစ်သွားတယ်။
ဒီအသံကို ကျနော်ကောင်းကောင်းမှတ်မိတယ်ဗျ။ တရုတ်ပြေက လာတဲ့
OSLO: စာတမ်းပါတဲ့ ကောင်းဘွိုင်ဦးထုပ် ဆောင်းထားတဲ့ ဂျင်လှည့်တဲ့
အဲ့ဒီလူက လူပြောင်းလိုက်တဲ့သူအသစ်။ မျက်လုံးချင်းဆုံမိတော့
ကျနော့်အကြည့်ကိုမယှဉ်နိုင်သလို မျက်နာလွှဲသွားတယ်။
ဟုတ်ပီ! အဲ့ဒီ ဦးထုပ်ကိုဖယ်လိုက်ရင် နဖူးပြောင်ပြောင်ကြီး
မြင်ရလိမ့်မယ်ဆိုတာ သေချာတယ်။ ဒါ တင်ဖေ! မိုးပျံတင်ဖေ
လို့နာမည်ကြီးတဲ့ ကိုတင်ဖေပဲ။ (ကိုနတ်ရဲ့သိုင်းဝတ္ထုတွေနဲ့ရောမှာစိုးလို့
မိုးပျံတင်ဖေဆိုတာ ရှင်းပြမှဖြစ်မယ်ထင်တယ်ဗျ။ ဒီနယ်ဖက်မှာ
ဖဲဝိဇ္ဇာ၂မျိုး
ရှိတယ်။ အင်မတန်အလိမ်တော်တဲ့လူတွေပေါ့။ မြေလျှိုး၊မိုးပျံဆိုပီး
နာမည်ပေးကြတယ်။ အရောင်တူတဲ့ဖဲချပ်တွေ ဖွက်ယူလာပီး
အရေးကြုံတိုင်း ၀ိုင်းထဲထည့်ရိုက်၊ မလိုတော့ရင်ပြန်ထုတ်ယူ..
အဲ့လိုလိမ်တာကျွမ်းတဲ့လူတွေက မြေလျှိုးဆိုတဲ့အမျိုးအစား။
မိုးပျံဆိုတဲ့ကောင်
တွေက လက်လှည့်တာအင်မတန်မြန်ပီး
မျက်စိရှေ့မှာတင်ဘာမှန်းမသိလိုက်ပဲ လိုချင်တာ လက်ထဲရောက်အောင်
ဘယ်လိုဆွဲယူမှန်းမသိတာမျိုး၊ ဘူကြီးရိုက်ရင် လက်တိုင်း
ကုလား၅ကောင်ကျအောင်လုပ်နိုင်တဲ့အမျိုးအစားကိုဆိုလိုတာဗျ)
ခုကျနော်ရှေ့က ဂျင်လှည့်နေတဲ့
ကိုတင်ဖေ ဆိုတာ ကျနော်တို့မမွေးခင်ကထဲက
လောင်းကစားလောကမှကျင်လည်နေတာဗျ။ လေးကောင်ဂျင်မှာလဲ
လိုချင်တဲ့အကောင်ရအောင်လှည့်ထားနိုင်သလို.. အုပ်ဆောင်းဖွင့်ခါနီး
ဟိုအော်ဒီအော် တွေလုပ်ပီး နဂိုအံစာကျထားတဲ့အကောင်ကို
အုပ်ဆောင်းအလှပ်မှာ
ပြောင်းပစ်နိုင်တယ်ဆိုတာပါ ကျနော်ကောင်းကောင်းသိတယ်။
"ပန်းတော်" ဆိုတဲ့သင်္ဘောပေါ်မှာ မိုးပျံတင်ဖေတို့တွေ
အစုန်အဆန်လိုက်ပီး ဆလွန်းခန်းထဲ ဖဲဝိုင်းထောင် အမဲဖမ်းကြတာ
ရွှေလီချောင်းဖျားမှာ သစ်ကုန်ကူးပီးပြန်လာတဲ့ တောသား
တူဝရီး၂ယောက် ငွေတစ်သိန်းကျော် ပြောင်သွားရှာတာ
ကျနော်မျက်ဝါးထင်ထင်
မြင်ဖူးတယ်။ ဖဲရိုက်တဲ့နေရာမှာ ဘယ်တော့မှ လိမ်မရိုက်တတ်ပေမယ့်
ကိုယ့်ကိုလိမ်ပီဆို ချက်ချင်းသိပီး ထဗျင်းတတ်တဲ့
"၄မြို့နယ်အိပ်ဖန်စောင့်" အသုဘတကာ၊ကျိတ်ဝိုင်းတကာ
ပတ်ချာလှည့်တတ်တဲ့ ရွှေဘနဲ့ဖိုးသက်
ဆိုတာသူတို့လည်းသိပုံရပါတယ်။ ဒါကြောင့် မိုးပျံ
တင်ဖေတစ်ယောက် ထိပ်ပြောင်ကြီးကို ဘယ်ကဦးထုပ်ယူဆောင်းပီး
ကွယ်ထားတာလဲမသိဘူး။ ကျနော်က ၀က်ပဲဆက်ထိုးတယ်လို့
ပြောလိုက်မယ်ဆိုပါတော့ ... အံစာက ၀က်ပဲကျနေပါစေဦး
ဟိုအော်ဒီအော်လုပ် အာရုံပြောင်းပီး အုပ်ဆောင်းကိုဆွဲဖွင့်လိမ့်မယ်။
သူများအမြင်
မှာတော့ ဒီတိုင်းဆွဲဖွင့်လိုက်တာပေါ့။ ဒါပေမယ့်မဟုတ်ဘူး..
သူ့ဖက်ကိုစောင်းပီး အသာလေးဆွဲဖွင့်တာ ဘာအကောင်လဲဆိုတာ
သူအရင်မြင်ရမယ်.. ၀က် ကျနေတာမြင်တာနဲ့ အုပ်ဆောင်းကို ခတ်ပီး
အံစာ ကိုလှည့်ပစ်လိုက်တာ အသံမထွက် ဘယ်သူမှကို
မြင်လိုက်ရမယ်မထင်ဘူး။
အဲ့ဒါကြောင့် မိုးပျံဘွဲ့ရထားတာပေါ့လေ။ သာမန်လူတွေက
မျက်စိရှေ့တင်ဘယ်လိုလုပ်လိုက်မှန်းမသိတော့ ယုံချင်မှယုံမယ်
ကျနော်တို့က သူတို့လောကသားတွေနဲ့ ရောထွေးယှက်တင်နေခဲ့ဖူးတော့
ကောင်းကောင်းသိတယ်။
ကဲ! မထိုးတော့ဘူးလား ကြာနေပီ ...
သွေးကြောင်ရင်ဘေးရှောင်နေလိုက်တော့ ဇ မရှိပဲ
စူပါစိန်ဒိုင်နဲ့လာမယှဉ်နဲ့.. ကဲ..ကဲ
"အာ" သံပေးပီး စိန်ခေါ်နေတာကို ကျနော်က ခပ်ပြုံး၂မျက်နာပေးနဲ့
သူတို့ချပီးဧည့်ခံထားတဲ့ စီးကရက်ဗူးထဲက စီးကရက်တစ်လိပ်ကို
မီးငြှိလိုက်သေးတယ်။
ပီးမှအသာလေးဘေးကိုစောင်းငဲ့ပီးလေသံတိုးတိုးနဲ့ကိုရွှေဘကိုသတိပေး
လိုက်တယ်။
ကိုရွှေဘ အဲ့လူမိုးပျံတင်ဖေဗျ! ကျနော့်စကားကြောင့် ပိုက်ဆံအပုံကြီးကို
ငေးနေတဲ့ကိုရွှေဘ ဆတ်ကနဲဖြစ်သွားတယ်။
ငေါ့တော့တော့လေသံတမင်လုပ်ပီး ကျနော် ဒိုင်လုပ်သူကို
စကားလှမ်းပြောလိုက်တယ်။
ဝက်ပဲ ဆက်ထိုးချင်တယ်ဗျာ .. ဒါပေမယ့် အုပ်ဆောင်းကို ခင်ဗျား
မဖွင့်ကြေး.. ကျနော့်လက်နဲ့ဖွင့်မယ် ရမလား?
ဘာဆိုင်လဲကွ! ငါကဒိုင်လား မင်းကဒိုင်လား?
ဟာဟ! ဒါဆို ကျနော်မဖွင့်ဘူး ဘေးက ထိုးသားထဲက
တစ်ယောက်ကိုဖွင့်ခိုင်းလိုက်မယ် ဘယ်လိုလဲ?
ဟေ့ကောင် လေးကောင်ဂျင်လောကမှာ ထိုးသားက
အုပ်ဆောင်းလှပ်တယ်ဆိုတာ ထုံးစံကိုမရှိဘူး လက်မခံဘူးကွာ
ဟားဟား
အပြန်အလှန်အချီအချတွေပြောနေရင်း ၀ါးကွပ်ပျစ်တစ်ဖက်က
သူတို့ဒိုင်အဖွဲ့ကိုအကဲခတ်ကြည့်နေမိတယ်။
ပိုက်ဆံအလျော်အစားလုပ်တဲ့ကောင်တွေအပါအ၀င်ဂျင်လှည့်တဲ့သူတွေ
ကော စုစုပေါင်း၁၀ယောက်ကျော်လောက်ရှိမယ်။ အခြေနေမကောင်းရင်
ပြဿနာရှာတတ်တဲ့ဒီကောင်တွေရဲ့လုပ်ကွက်ကိုလည်း ကြားဖူးပီးသား။
ကျနော်တို့ဖက်အခြမ်းက လူအုပ်ထဲမှာပါသူတို့လူတွေ
ပါချင်ပါနေနိုင်တယ်ဆိုတာပါ စိတ်ထဲကတွက်ထားမိပီ။

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆

အဝါရောင်စိုက်ခင်း ၁၀