ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၃

ခုနက ခုတ်ကြထစ်ကြဆော်ကြပီဆိုပီး ထွက်ပြေးသွားတဲ့
ကျနော်တို့နယ်သား ဖဲသမားတွေကလည်း ခုမှ အနားပြန်ကပ်လာပီး
အခြေနေကြည့်နေကြတယ်။ ကျနော်ကတော့ စိတ်လျှော့ချလိုက်လို့
မောမောနဲ့ ကျောက်စရစ်ခဲတွေအပေါ် ဖင်ချထိုင်ပီး ချွေးသုတ်ရင်း
မွန်ထရီတစ်လိပ်လောက်
ဖွာနေလိုက်တယ်။ ဟိုကောင်တွေရဲ့ နောက်ကျောကနေ
ဓားပြမြင့်အောင်ကြီး ရဲ့ တပည့်၂ယောက်က ဗလချိုက်
သေနတ်တွေနဲ့ချိန်ထားတယ်။ ထုံးစံအတိုင်း ကျော်ဟိန်းဂိုက်ဖမ်းထားတဲ့
ကိုမြင့်အောင်က သူတို့အရှေ့မှာ ခါးထောက်ပီး တစ်ယောက်ချင်း
မျက်နာချင်းဆိုင်စေ့စေ့လိုက်ကြည့်နေတယ်။
မင်းတို့ကောင်တွေ အောက်ပြေအောက်ရွာကနေ
ဒီနေရာအထိတက်လာပီး လူပါးလာဝတယ် ... အေး.. ဒီနေရာမင်းတို့
သင်္ချိုင်းလို့သာမှတ်ပေတော့
ကျနော်.. ကျနော်တို့ မသိလို့ပါ ဗိုလ်လုံ
-ီး ဗိုလ်လုံ လား ရဲဘော်မြင့်အောင်ကွ ဗမာပြည်ကွန်မြူနစ်ပါတီကကွ ...
မင်းတို့ အပျောက်ရှင်းဖို့ကြိုးစားတဲ့သူတွေက ငါ့ညီနဲ့ငါ့တူပဲ
လူလူချင်းခေါင်းပုံဖြတ်လှည့်စား၊နိုင့်ထက်စီးနင်းလုပ်တဲ့
မင်းတို့ကောင်တွေကို ငါသေဒဏ်ပေးမယ် (ဟီး!
ကိုမြင့်အောင်ပြောတာလဲ
ဟုတ်သလိုလိုပဲနော်လို့တွေးမိပီးရယ်ချင်လာလို့
မနည်းအောင့်ထားရသေးတယ်)
မလုပ်ပါနဲ့ရဲဘော်ကြီး ... ကျနော်တို့နောင်တရပါပီ
နောက်မလုပ်ရဲတော့ပါဘူးဗျာ ..အီးဟီးဟီး
သူတို့အဖွဲ့ထဲက တစ်ကောင်က ပြောပြောဆိုဆိုနဲ့အော်ငိုလိုက်တယ်။
အနောက်က ကိုမြင့်အောင်တပည့်၂ယောက်ကလည်း
သေနတ်မောင်းတွေ တဖြောင်းဖြောင်းဆွဲတင်လိုက်ပီ။ အဲ့ဒီအချိန်မှာ
လက်ပိုက်ပီး ရပ်ကြည့်နေတဲ့ ကိုရွှေဘက တစ်စခန်းထပြန်တယ်။
ဟိုကောင်တွေပစ်ချထားတဲ့ ဓားရှည်တစ်လက်ကို ကောက်ကိုင်လိုက်ပီး
ဒူးထောက်နေတဲ့ လူအုပ်ရှေ့ကိုသွားရပ်လိုက်တယ်။
တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေတဲ့ ကိုရွှေဘကို
သတိထားလိုက်မိတယ်။ ကျနော်သိတယ် ဒီလူ
ဒေါသတအားထွက်နေတယ်။ ဒေါသထွက်ရင် ဘာဖြစ်တတ်လဲဆိုတာ
ကျနော်က ဆရာတပည့်မို့သေချာသိတယ်ဗျ။
လူအုပ်နဲ့များ ငါတို့ကိုဝိုင်းလုပ်ချင်သေးတယ် ...ဟုတ်လား မအေပေး
အောက်သားတွေ.. မင်းတို့လုပ်ချင်တိုင်းလုပ်လို့ရမယ် ထင်နေလား ...
ဒီမှာကြည့်စမ်း..တွေ့လား .. ဒီမှာ.. ဒီမှာ
ဟာ! ဟင်! ဟယ်!
ဘေးကရပ်ကြည့်နေတဲ့ လူတွေဆီက အာမေဋိတ်တွေဆူညံသွားတယ်။
ဒူးထောက်ထားတဲ့ လူအုပ်ကလည်း မျက်လုံးပြူးပီး ကိုရွှေဘ
ကိုမော့ကြည့်နေကြတယ်။ ကိုရွှေဘတစ်ယောက်
တရှူးရှူးတရှားရှားဖြစ်ရင်း ကိုယ့်လက်ကိုကိုယ်ဓားရှည်နဲ့ခုတ်ပြ လှီးပြ
နေတာကိုးဗျ။ ရာဘာတုံးကို လှီးနေတဲ့အတိုင်း ဘာမှကိုမဖြစ်တာဗျ။
ဒီထက်ပိုဆိုးတာက
ဓားကိုပြောင်းပြန်ကိုင်၊ဓားဦးအချွန်နဲ့ကိုယ့်ပေါင်ကိုယ်ပြန် ထိုးဆွပြလိုက်၊
ဗိုက်ပေါ်မှာ လွှဆွဲသလို အသွားနဲ့ အင်းကျီလှန်ပီး ဆွဲပြနေတာ။
ခြစ်ရာကလေးတောင်မထင်ဘူးလေ။
ဒီနယ်သားမဟုတ်တဲ့လူတွေကတော့
နားမလည်တဲ့မျက်နာလေးတွေနဲ့ကြောက်လန့်တကြား
ကြည့်နေပေမယ့် ရပ်ကြည့်နေတဲ့ လူတွေဆီက ၀က်ကုန်းဟေ့..
ဝက်ကုန်းဆိုတဲ့ အော်သံတွေထွက်လာတယ်။ ဟုတ်တယ်ဗျ!
အဲ့ဒါဝက်ကုန်းထတယ်လို့ ကျနော်တို့နယ်မှာခေါ်တယ်။
လွယ်လွယ်ပြောရရင် ကာယသိဒ္ဓိ ပီး တာပါပဲ။ အဲ့ဒီဟာကို
ဝက်ကုန်းဆေးထိုးထားတယ်လို့ခေါ်တယ်ဗျ။ ဒါပေမယ့် တချိန်လုံး
ဖြစ်နေတာမျိုးမဟုတ်ပဲ။ ဒေါသထွက်လာပီဆို
ဘာနဲ့ ခုတ်ခုတ် ဘာနဲ့ရိုက်ရိုက် ဘာမှကိုမဖြစ်တော့ဘူး။ ကိုရွှေဘ
လူပျိုဘ၀က ရှမ်းဘုန်းကြီးတစ်ပါးဆီမှာ အဲ့ဒီအင်းကို
ကြေးစုတ်ကြီးနဲ့ကျောမှာ ထိုးပီးတင်ထားတယ်လို့ပြောဖူးတယ်။
ထိုးတဲ့လူစုစုပေါင်း၃ယောက်မှာ ကျန်တဲ့လူ၂ယောက် က
ဆက်မထိုးနိုင်ပဲ ဆေးမအောင်ခင်ရပ်လိုက်ရတယ်။ ခပ်ရွတ်ရွတ်ကိုရွှေဘ
ကတော့ ပီးအောင်ဆက်ထိုးလိုက်တာ ၀က်ကုန်းမှော်
အောင်တယ်လို့ပြောတာပဲ။ အဲ့ဒီနောက်ပိုင်း ဒီလိုမျိုး ၀က်ကုန်းထ
လာရင် အားလုံးဝေးဝေးကရှောင်ရတော့တာပေါ့။ ကျနော့်မျက်စိရှေ့တင်
အဲ့လိုထထဖြစ်တာ ၃-၄ခါလောက်မြင်ဖူးတာကိုး။ ဒါပေမယ့် ပုံမှန်အချိန်
အလစ်ချောင်းပီး တွယ်အပ်နဲ့ ထိုးကြည့်တာ နာလို့ အဆဲခံရဖူးတယ်။
သူ့ဟာက ဒေါသထွက်မှ စွမ်းတာမျိုးကြီး။ ဘယ်လိုမှန်းမသိပါဘူး။
(၀က်ကုန်းဆေး စွမ်းမစွမ်းတော့မသိဘူး နောက်ပိုင်း ဦးဇင်းဝတ်ကြီးနဲ့
မန်းလေးမှာ ဆေးရုံတင်ရသေးတယ်။ ဆရာဝန်တွေက
သူ့ကိုကောင်းကောင်းမကုပေးလို့ဆိုပီး ဒေါသထွက်နေတာ၊
လူကဖြင့်အိပ်ယာပေါ်မှာ ပက်လက်ကလေး။ နာ့စ်မတွေ
သူ့အသားထဲအပ်ထိုးတာ အပ်၃-၄ချောင်းကုန်သွားတယ်
ထိုးလို့ကိုမရဘူး။ ဘေးနားကနေ ဦးဇင်းစိတ်လျှော့
ကိုယ့်ကိုကိုယ်ဘုရားသားတော်
ဖြစ်နေပီဆိုတာလေး နှလုံးသွင်းဆိုတော့မှ အေးးး တဲ့။ အဲ့ဒီတော့မှ
အပ်က ပလွတ်ဆိုဝင်သွားတယ်ဟီး)
ကိုရွှေဘ.. တော်တော့ဗျာ
ကျနော်ပြောပြောဆိုဆိုနဲ့ ထရပ်လိုက်ရင်း ကိုရွှေဘ လက်ထဲက
ဓားရှည်ကိုလုပီး လွှင့်ပစ်လိုက်တယ်။ ခုနက ဒီလောက်စိတ်မညစ်ဘူး
ခုမှခေါင်းပူလာတယ်။ ဟိုဓားပြမြင့်အောင်က
စိတ်သိပ်မှန်တာမဟုတ်ဘူး။ အကုန်လုံးပစ်သတ်ပစ်တော့မလိုလုပ်နေပီ။
ဘာပဲဖြစ်ဖြစ် ကိုယ်ကြောင့် လူ့အသက်သေမှာကိုတော့ မဖြစ်စေချင်ဘူး။
ကိုရွှေဘကို အတင်း ရေစပ်နားကိုဆွဲခေါ်လာပီး။ တော်ပီဆရာသမား..
လစ်ကြစို့လို့ အတင်းဖြောင်းဖြနေရတယ်။ ဟိုဘိုးတော်ကိုလည်း
ကြည့်ကျက်ပြောဦး အကုန်သတ်ပစ်တော့မှာလားမသိဘူး!
ကျနော့်စကားကိုအရေးမစိုက်သလိုလုပ်ပီး
ပိုက်ဆံထည့်ထားတဲ့စစ်ကျောပိုး
အိတ်ကို ပစ်ပေးရင်းကိုရွှေဘတစ်ယောက် မြစ်ရေနဲ့
မျက်နာသစ်ခြေလက်ဆေးနေတယ်။
ပီအောင်း အောက်သားများ နားမလည်ဝေး သွားပစေတော့
စိတ်လျှော့လိုက်ဟန်တူတဲ့ ကိုရွှေဘက (ကိုအောင် ဗမာပြေက
လူတွေမို့နားလည်ပါးမလည်လာလုပ်တာပါ လွှတ်ပေးလိုက်ပါ) လို့
လှမ်းပြောလိုက်တယ်။
ထ..ထ.. အကုန်ထွက်သွား .. နောက်နောင် ဒီနယ်တစ်ဝိုက်ထပ်တွေ့ရင်
အသေသတ်ပစ်မယ် ကြားလား
ဟုတ်ကဲ့ပါ.. ကျေးဇူးကြီးပါပေတယ် ဆရာကြီး
ခုမှသတ္တိပြချင်တဲ့ ရပ်ကြည့်နေတဲ့ လူအုပ်ကြီးထဲက ကျနော်တို့နယ်သား
ဖဲသမားတွေက တုန်တုန်ရီရီထလာတဲ့ ကောင်တွေကို
သေကုန်မယ်..ဘာမှတ်သလဲ ဘာညာနဲ့ နားရင်းဝင်အုပ်၊ဖင်ပိတ်ကန်
ဝင်လုပ်လိုက်ကြသေးတာမြင်ရလို့ ရယ်ချင်စိတ်ကို မနည်းမျိုသိပ်
လိုက်ရသေးတယ်။ အားလုံးရှင်းသွားတော့မှ ကျနော့်ကျောပိုးအိတ်ထဲက
၂ရာတန်အုပ်တချို့ထုတ်ပီး ပိုက်ဆံ၅သောင်းလောက်ယူ၊
ကိုမြင့်အောင်ကြီးကို လှမ်းပေးလိုက်တယ်။
ရော့! လေးမြင့်အောင် ဟီးဟီး
အမယ်.. ငါက မင့်ပိုက်ဆံဘာလုပ်ရမှာလဲ
ပါတီရံပုံငွေလို့ သဘောထားလိုက် ဟီးဟီး ယူပါဗျ
အေး.. ငါလည်း လုပ်ငန်းသိပ်မကောင်းတာကြာပီ ပေးကွာ..
အေဘေးမင်းတို့၂ကောင် နောက်ထပ်ဒီဖက်လာပီး မကမြင်းနဲ့
ထပ်တွေ့ရင် နားရင်းတီးခံရမယ် ခုတောင်
ငါနဲ့တွေ့လို့ကံကောင်းတယ်မှတ်ဟွန်း
လာတော့ပါဘူးဗျာ တာ့တာ မိုးချုပ်နေပီ ပြန်တော့မယ်
xxxxx xxxxx xxxxx
အပြန်လမ်းမှာ ခုနက ကျနော်နဲ့တစ်ဝိုင်းထဲ ရိုက်ခဲ့တဲ့
သစ်တောဝန်ထောက်ကြီးရဲ့ ဂျစ်ကားနဲ့ လမ်းကြုံနေလို့ စက်ဘီးပါတင်ပီး
ကိုရွှေဘနဲ့ကျနော်လိုက်လာခဲ့တယ်။
တခြားလမ်းကြုံလိုက်လာတဲ့ဖဲသမားတွေလည်း ပါလာလို့
စကားတွေဖောင်ဖွဲ့လာကြတာပေါ့လေ။ ဓားပြမြင့်အောင်ကြီး
အကြောင်းဝိုင်းမေးနေကြလို့ သူနဲ့ ရင်းနှီးတဲ့ ကိုရွှေဘက
အတိတ်ဇာတ်ကြောင်းတွေပြန်ပြောပြနေတာကို အားလုံးက
စိတ်ဝင်တစားနားထောင်နေကြတယ်။
တခါက ကျောက်သွားတူးရင်း (အမှန်ကတော့ ကျောက်တွင်းမှော်ထဲ
ဂျပိုးသွားထိုးတာပါ)
အပြန်မှာ(တစ်ပတ်လျှောက်ခြေလျင်လျှောက်ရတဲ့ခေတ်)
စားရိတ်ပြတ်လို့စားစရာမရှိတဲ့ ကိုရွှေဘတစ်ယောက် မမျှော်လင့်ပဲ
ဓားပြမြင့်အောင်နဲ့လမ်းမှာတွေ့တဲ့အကြောင်း၊ အားကိုးတကြီး
အကူညီတောင်းလိုက်တော့ သူ့မှာလည်း
ပိုက်ဆံတစ်ပြားမှမရှိဘူး၊ဒါပေမယ့် မပူနဲ့ကွာ
ဆိုပီး စားရိတ်ပေးရန်အလို့ငှာ ကားလမ်းမပေါ်တက်ပီး
ဖြတ်လာတဲ့ကားကို သေနတ်ဖောက်ပီး ဓားပြတိုက်ဖို့ကြိုးစားတဲ့အခါ ..
တားမိတဲ့ကားက ညနေမိုးချုပ်စဆိုတော့
စစ်ကားဖြစ်နေမှန်းမသိဖြစ်နေတော့ ကားပေါ်ကနေ
သေနတ်တွေနဲ့လှမ်းဆော်တော့ ၂ကောင်သားခွေးပြေးဝက်ပြေး
ပြေးခဲ့ရကြောင်း အစရှိသဖြင့် ဟာသလေးတွေဖောက်ပီး
အာလူးဖုတ်တော့
တစ်ကားလုံး တ၀ါးဝါးနဲ့ပေါ့ဗျာ။ စွန့်စားမှုနဲ့စိတ်လှုပ်ရှားမှုကို ငယ်ကထဲက
အလိုလိုနေရင်း ကြိုက်မိခဲ့ပီး လူဆိုးလူမိုက်ဖြစ်လာရတဲ့ ကျနော်ကတော့
ဖဲသိန်းချီနိုင်လာပေမယ့် ပျော်မနေပဲ.. စိတ်ကောက်ပီး
အတွေ့မခံတော့တဲ့ ရူပဗေဒဆရာမလေးဆီကိုပဲ စိတ်ရောက်နေမိတော့
သူတို့ပြောနေတာတွေကြားတစ်ချက်မကြားတစ်ချက်ပဲ။

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆

အဝါရောင်စိုက်ခင်း ၁၀