ထို့ကြောင့် channko ဟုခေါ်သည် ၁
အဖြစ်အပျက်တွေရဲ့မူလအစကာလတ၀ိုက်က ကျနော်တော်တော်လေလွှင့်နေတဲ့အချိန်ပေါ့ဗျာ။
အရက်ကိုတော်တော်သောက်နေတဲ့အချိန်(ခုလည်းမသောက်တာလိုက်လို့ဟီဟိ) လူမှုရေးကိစ္စတစ်ခုနဲ့ပတ်သက်ပီး မိန်းကလေးတစ်ယောက်နဲ့အသိအကျွမ်းဖြစ်ခဲ့ရတယ်။ အင်း.. ပြောစရာရှိလာတာက အသိဖြစ်တယ်ဆိုတာကလည်း လူချင်းမဟုတ်ဘူးဗျ။ ဟုတ်ကဲ့ဒီဖက်ခေတ်က
ထုံးစံအတိုင်း အွန်လိုင်းဂျီတော့ခ်ပေါ့လေ။ ဒီလိုပြောလိုက်လို့ ဟာဗျာ.. ခင်ညာ့ဟာကြီးက သူလိုငါလို ကလီရှေးဇာတ်ကြီးပါလို့ အထင်မစောပါနဲ့ဦး။ ဆက်ဖတ်ပါဦးကိုယ့်လူတို့ရယ်။
အွန်လိုင်းဖွန်ကြောင်ဘာညာဆိုတာ ကျနော့်အတွက် ဘာမှကိုအဓိပ္ပါယ်မရှိ၊ မမြင်ရတဲ့ဟာကြီးဆိုပီး စိတ်ကိုမပါ ပါဘူးဗျာ။(မမြင်ရတဲ့ဟာဆို တစ်ချပ်မှောက်ဖဲလောက်ပဲကြိုက်တာလေအဟိ)
ခုဟာက ဖွန်ကြောင်တာလည်းမဟုတ်ပူးဗျ။ ခုနင်က လူမှုရေးကိစ္စတစ်ခုကြောင့် ဟိုပြောဒီလေးလောက်နဲ့တင်ပီးသွားတာပဲ။ အဲ့ဒီဂျီတော့ခ်ထဲကဟာကို မိန်းမဆိုတာလောက်ပဲသိတာ ဖြူမှန်းမဲမှန်း ကြီးမှန်းသေးမှန်းတောင်သိတာမဟုတ်ဘူး။ ဒီလိုပဲနေလာလိုက်ရင်း တစ်ရက်တော့
မူးကြောင်ရူးကြောင်ရေချိန်အကိုက်မှာ လှမ်းချတ်လိုက်မိတယ်။ ထောင့်သိပ်မကျိုးဘူးဗျ။ ပြန်ပြောချင်သလိုလိုမပြောချင်သလိုလိုနဲ့။ ဒါပေမယ့် ကျနော့်ကိုဆွဲဆောင်ထားတာတစ်ခုရှိတယ်။ ပြန်ရိုက်လာတဲ့စကားတွေက တောင်မရောက်မြှောက်မရောက်မဟုတ်ဘူး။ ဆိုလိုတာက အဲ့ဒီ
ကာလတုံးက ကျနော်ဗမာလက်ကွက်မရိုက်တတ်ဘူးရယ်။ ကုလားဖြူလိုပဲချတ်ရတာလေ။ sar pe p lar တို့ဘာတို့တစ်ဖက်ကရိုက်လာရင် မဖတ်တတ်တဲ့အပြင် ကုလားဖြူလိုချတ်ပြန်ရင်လည်း ကပေါက်တိကပေါက်ချာတွေလျှောက်ပြောတတ်တဲ့လူက ခပ်များများရယ်ဆိုတော့ ဒီခုပြန်
ပြောနေတဲ့ အမျိုးသမီးရဲ့ ကုလားဖြူစာ တွေကိုသဘောကျသွားတယ်ဆိုပါတော့။ ဒါနဲ့မူးကြောင်ကြောင်နဲ့လျှောက်ချတ်နေတာ အဆင်ကိုပြေနေတယ်ဗျ။။ အမှန်တိုင်းပြောရရင် ကျနော်အဲ့လို ကုလားဖြူစာကောင်းကောင်းတတ်တဲ့ဗမာမမျိုးမကြုံဖူးဘူးဗျ။ အဲ့ဒီမတိုင်ခင်က အင်တာနက်ကို
ကောင်းကောင်းသုံးခဲ့ဖူးပေမယ့် နိုင်ငံတကာဖိုရမ်တွေလောက်ပဲလျှောက်သွားပီးသောင်းကျန်းနေခဲ့တော့ ဗမာကောင်မလေးတစ်ယောက်နဲ့မှ ခုလို အားရပါးရစာရိုက်ပီး စကားမပြောဖူးဘူး။ လိုတိုရှင်းပြောရရင် ဆတ်တောက်ဆတ်တောက်နဲ့ တော်တော်ပြောဖြစ်သွားတယ်ဆိုပါတော့။
နောက်ရက်တွေကြတော့ မတွေ့ဖြစ်ပြန်ဘူး။ အားတိုင်းချတ်တင်တွေဘာတွေဝင်ထိုင်ဖို့လည်းပျင်းတယ်ဗျ။ ကျနော်က ဂစ်တာနုတ်စ်ရှာတာ၊သတင်းဖတ်တာ၊လိုချင်တဲ့စာအုပ်တွေဒေါင်းတာလောက်ပဲ အင်တာနက်သုံးတဲ့ကာလကိုး။
တွေ့တိုင်းလည်းဟိုင်းဟယ်လို လုပ်ပီး လျှောက်ပွားနေတာမျိုးမဟုတ်ဘူးလေ။ ဒါပေမယ့် မူးလာတိုင်းတော့ လျှောက်ပြောတယ်ဗျဟီးဟီး။ အဲ့လိုပြောလာရင်းနဲ့ဘာတွေသိလာသလဲဆိုတော့ ဒီအမျိုးသမီးဟာ ကျနော်သိသမျှဘာမဆိုအကုန်သိနေတယ်ဗျ။ ဒါဟာ ကျနော့်အတွက်တော့ထူးဆန်း
လွန်းနေတယ်။ တစ်ဘ၀လုံးမှာ တွေ့ဖူးသမျှမိန်းမဆိုတာတွေက(မမ၀င်နီနဲ့မနီနီချိုကလွှဲပီး) ပိန်းတိန်းတိန်းတွေကခပ်များများရယ်မလား။ ကျနော်သိသမျှဆိုတာက စာအုပ်စာပေဘာညာကိုဆိုလိုချင်တာပါ။ ဟိုဟာပြောလိုက်လည်း သိတယ်။ ဒီဟာဆိုလည်း သြော် အဲ့ဒါဟိုဟာလေပေါ့။ ကျနော့်အတွက် မူးကြောင်ရူးကြောင်
ဖြစ်တိုင်းလေပန်းအာလူးဖုတ်စရာဘော်ဒါတစ်ယောက်ဖြစ်လာတယ်ဆိုပါတော့။ တစ်ခုသတိထားလာမိတာက အဲ့ဒီအမည်မသိအမျိုးသမီးရဲ့အပြောအဆိုအမူအကျင့်တွေဟာ ကျနော်ချိုကန်း ငယ်ငယ်က သောက်ချိုးတွေနဲ့တထေရာထဲဖြစ်နေတာဗျ။ ကျနော်ငယ်ငယ်ကဘယ်လိုအချိုးမျိုးလည်းဆိုတာ
ကျနော့်ဇာတ်လမ်းတွေဖတ်ဖူးတဲ့ ခင်ဗျားတို့ သိမှာပါ။ စကားပြောမောက်မာမယ်၊ဆိုးတေတေအချိုးမျိုးရှိမယ်၊လူတွေအထင်ကြီးတာမျိုးကို ရွှံရှာစက်ဆုတ်သလိုလုပ်တယ်၊ တစ်ဖက်လူကို သရော်တော်တော်လှောင်တောင်တောင် စကားမျိုးပြောတတ်တယ်၊တစ်ခုခုဆို မင်းသိတာဒါအကုန်ပဲပေါ့နော်ဆို
တဲ့(အဲ့လိုအဓိပ္ပါယ်ပေါက်တဲ့) ရိသဲ့သဲ့အထှာမျိုးလုပ်တတ်တယ်။ ပြောရရင် ပိုတယ်ထင်မယ်။ တထေရာထဲဆရာတို့ရေ။ သူ့အပြောအရ မိန်းကလေးလို့သာသိရတာ ကျနော်ကတော့ ငယ်ငယ်က ချမ်းကိုလေး ကို ကိုယ့်ဖာကိုယ်ပြန်စကားပြောနေရသလိုထင်လာတယ်။ တစ်ခုခုအကြောင်းစကားစပြောရင်း
အဆင်မပြေဖြစ်လို့ ၀ုန်းဒိုင်းကျဲပီဆိုလည်း သူဝုန်းကိုယ်ဝုန်း(မိန်းကလေးလို့သာပြောတယ် ငြိမ်သွားမယ်မထင်လေနဲ့) ဥပမာပြောရရင်ဗျာ.. ကျနော်စာမေးပွဲတစ်ခုဖြေပီး အောင်စာရင်းထွက်လာတော့ ကျနော်လိုချင်သမျှအမှတ်မရလာဘူး။ ပေါက်ကွဲနေတာပေါ့။ အွန်လိုင်းတက်မိလိုက်ပီး သူနဲ့အတွေ့
ငါဒီလိုဒီလိုဖြစ်လို့ သောက်ရမ်းပေါက်နေတယ်အေးဆေးနေနော်လို့ ပြောအလိုက်မှာ ဘာပြန်ပြောတယ်ထင်သလဲ? Ohh,I don't give a fuck တဲ့ဗျ။ စိတ်တိုနေတဲ့လူက အူကြောင်ကြောင်ဖြစ်သွားတယ်။
တခြားကောင်မလေးတွေဆို အို! ဟုတ်လား ဘာညာဆိုပီး အားပေးကောင်းပေးနေမယ်ဗျာ။ သူက ပြန်တောင်ဟောက်ခဲ့သေးတယ်။ နင့်စာမေးပွဲရလဒ်ငါနဲ့ဘာဆိုင်လို့လဲ သောက်ဂရုကိုမစိုက်တာ ဆိုပီး မဆိုင်တာတွေလျှောက်ပြောတာဗျ။
သူပြောချင်တာတွေသူပြောတယ်ဗျာ။ ပြန်ပြောချင်ပြောမပြောချင်နေ။ နင့်ဖာသာ သောက်သုံးမကျတာ ငါ့ရှေ့လာပီး ကိုယ်ညံ့တာလာပြမနေနဲ့ဆိုတာလိုမျိုး ဥပက္ခာပြုသွားတယ်။ ခဏတော့အူတူတူဖြစ်သေးတယ်။ နောက်တော့လည်း ရယ်ချင်လာတယ်။ ငါတော့ ဘယ်လိုဟာနဲ့တွေ့နေတာလဲမသိဘူးပေါ့။
ကျနော်လည်း ကိုယ့်ကိုကိုယ်အလိုမကျဖြစ်ဒေါသထွက်နေသမျှတွေအလိုလိုမေ့ကရောဆိုပါတော့။
ဒီလိုနဲ့ရက်တွေကြာလာတော့ ချတ်တင်ထိုင်ပီး ဟိုပြောဒီပြောက ပုံမှန်ဖြစ်လာတယ်။
ကျနော့်ဆိုးပေတေငယ်ဘ၀တွေကို သူအကုန်သိလာသလို(ကိုရွှေဘနဲ့ဖိုးသက်ရဲ့ဇာတ်လမ်းတွေက ခင်ဗျားတို့ထက်သူကအရင်သိတာဗျား) ကျနော်သူ့ထက်ညံ့မှန်းလည်း ကျနော်သိလာတယ်ဗျ။ ပမာဆိုရရင် ကုလားဖြူစာသူကျနော့်ထက်ပိုတတ်တယ်ဗျ။ (အမှားတွေကိုကောက်ပြင်ပေးတတ်တာမျိုး) သူပြောတဲ့တချို့သော
စာအုပ်စာပေတွေဆိုတာ ကျနော်ကြားတောင်မကြားဖူးဘူး။( ကျနော်က ဘကြီးထောင်တို့လို ရှေးစာတွေလောက်ဖတ်ဖူးတာလေ) ကျနော်ဟာခပ်မိုက်မိုက်လူဆိုးတစ်ယောက်ဆိုတာ သူသိလာသလို၊ သူကလည်း တော်ရုံလောက၀တ်လူ့ထုံးတမ်းစဉ်လာတွေကို သောက်ဖက်မလုပ်(သူ့စကားနဲ့ပြောရရင် သေးတောင်လှည့်မပန်းဘူး)
တဲ့မိန်းမတစ်ယောက်ဆိုတာသိလာရတယ်။ တနေ့မှာ မရည်ရွယ်ပဲ ကျနော်သူ့ကိုမေးမိတယ်။ အသက်ဘယ်လောက်ရှိပီလဲလို့။ အသက်၂၀တဲ့ဗျ။ အဟား လို့အသံထွက်ပီးရယ်မိသွားတယ်ဗျာ။ အဲ့ဒီအချိန်က ကျနော့်အသက် ၃၀နားကပ်စပြုနေပီကိုး။ သူကျနော့်ကိုလိမ်နေတယ်ဗျ။ ဘယ့်နှယ့် ချာတိတ်မလေးဖြစ်နိုင်ပါ့မလား။
သောက်ကြီးသောက်ကျယ်စကားတွေပြောဖို့ဆိုတာ ရင့်ကျက်မှုတွေဖြတ်သန်းမှုတွေလိုတယ်ဗျ။ တဖက်သားကို မျက်ခွက်ဖြတ်ရိုက်ပစ်လိုက်သလို စကားပြောတတ်တဲ့ မိန်းမ၊ဘာမဆို အကုန်သိနေတတ်တဲ့မိန်းမက အသက်၂၀ပဲရှိသေးသတဲ့။ ဟုတ်ပါပီလေ။ မြင်မှမမြင်ရတာကိုး။ ပြောလို့ရပါတယ်။ ကျနော်တို့စပီးစကားပြောဖြစ်
ကထဲက သဘောတူညီမှုတစ်ခုရှိထားသေးတယ်ဗျ။ ဘယ်သောအခါမှအပြင်လောကမှ လူချင်းမတွေ့ပါဘူးလို့။ ဒါပေမယ့် နောက်ထပ် လအနည်းငယ်အကြာမှာ အဲ့ဒီသဘောတူညီချက်ဖောက်ဖျက်လိုက်ရတယ်။
အဲ့ဒီနေ့က ဒီဇာတ်လမ်းအစကပြောခဲ့တဲ့ လူမှုရေးဇာတ်လမ်းမှာပါတဲ့ သူငယ်ချင်းက ပါတီလုပ်ပါကောလား။
အဲ့မှာဇာတ်လမ်းစပါလေရော။ ကျနော့်ဘော်ဒါကဖုန်းဆက်တယ်ဗျ။ ဟေ့ကောင်! မင့်ဇာတ်လမ်းလာရှင်းလာတဲ့။ ဘာတုံးဆိုတော့ မင့်ကိုလိုက်ရှာနေတယ်တဲ့။ ကျနော်စိတ်ညစ်သွားတယ်ဗျ။ (သောက်ပိုပြောတာမဟုတ်ပါဘူး) မင့်ကိုခေါ်ပေးပါလို့ပြောတယ်။ ရှာမရဘူးလို့ပြောတော့ မင်းသောက်နေကျအရက်ဆိုင်ကို သူ့ကိုလိုက်ပို့ပေး
သူကိုယ်တိုင်သွားခေါ်မယ်လုပ်နေတယ်တဲ့။ ကျနော်စိတ်ညစ်သွားသလို အူကြောင်ကြောင်လည်းဖြစ်နေတယ်ဗျ။ ဒီလောက် မောက်မာပီး သောက်ကြောတင်းတဲ့ဟာလေးက အစကတော့ တသက်လုံးမတွေ့ပါဘူးဆိုတာ ကောင်းပီးကောင်းလျှက်နဲ့ ခုဘာလို့အပြင်ဘ၀ကကျနော့်ကို လိုက်ရှာနေရတာလဲဆိုတာ နားမလည်ဘူး။ ကျနော်သူ့
ကိုသေချာရှင်းပြခဲ့ဖူးတယ်။ ငါက ကုလားအသားမဲမဲဗိုက်ပူပူ မုတ်ဆိတ်မွှေးဗလပွနဲ့ကောင်ဖြစ်ကောင်းဖြစ်နေနိုင်တယ်တယ်လို့။ (အမှန်က ပေါက်စီရောင်းတဲ့ ပြေကြီးတရုတ်ရုပ်ပါအဟိ) နင်လည်းထိုနည်းလည်းကောင်းပဲ။ တစ်ယောက်ရုပ်ကိုတစ်ယောက်မမြင်ရပဲ ခုအတိုင်းလေး တစ်ယောက်ကိုတစ်ယောက် လေးစားသမှုနဲ့ဆက်ဆံနေတာ
အကောင်းဆုံးပါလို့။ ခုဟာက ကျနော့်ကို အသည်းအသန်လိုက်ရှာနေတယ်ဆိုပါလား။ တခြားမိတ်ဆွေတွေအရှေ့မှာကိုဘယ်သူ့မှ ဂရုမစိုက်တဲ့ဟန်နဲ့ အတင်းခေါ်ပေးပါ ခေါ်ပေးပါဆိုပီး သောင်းကျန်းနေသတဲ့ဗျာ။ ကျနော်နားမလည်တာက သူက ကျနော့်ကိုတွေ့ပီး ဘာလုပ်ချင်ရတာလဲ။ ဆိုလိုတာက အွန်လိုင်းမှာစကားပြောနေတာမှန်ပေမယ့်
သမီးရည်းစားလည်းမဟုတ်ဘူး။ ယုတ်စွအဆုံး ထိကပါးရိကပါးတောင် ပြောတာမှမဟုတ်တာလေ။ ဒါကြောင့် ဟေ့အေးကွာ ငါမလာဘူး။ မင်းတို့ကြည့်ကျက်ရှင်းလိုက်ဆိုပီး ဖုန်းချလိုက်ကောဆိုပါတော့။
အိပ်ယာထဲရောက်တော့ အိပ်လို့မပျော်ဘူးရယ်လေ။
သံယောဇဉ်ဆိုတာက ဖြစ်ထားတာမဟုတ်လား။ ပိုဆိုးတာက ကျနော်တသက်လုံးမတွေ့ဖူးမကြုံဖူးတဲ့ စာတတ်ပေတတ်မိန်းမတစ်ယောက်။ စိတ်ထဲကတိတ်တိတ်ကြိတ်ပီး အရှုံးပေးခဲ့ဖူးတဲ့မိန်းမ ငါ့ကိုလိုက်ရှာနေသတဲ့။ တော်တော်တော့ အောင့်သွားမှာပဲ။ ငါရှောင်နေတာကလည်းအသိသာကြီးဘာညာလျှောက်တွေးနေတာကိုးဗျ။
မိတ်ဆွေတွေပဲဟာ ဘာမှမဖြစ်ပါဘူးအားနာပါတယ်ဆိုတဲ့စိတ်နဲ့ အိပ်ယာထဲက ထ၊ ရေမိုးချိုးအ၀တ်အစားလဲပီး ညသန်းခေါင်ကြီး ပါတီပွဲကို တက္ကစီ နဲ့လစ်ကရောဆိုပါတော့။ ဟိုရောက်သွားတော့ ရွှေပွဲလာပိရိတ်သတ်တွေက အရှိန်အတော်ရနေကြပီဗျို့။ မီးရောင်ဖျော့ဖျော့မှာ သောက်စားကခုန်လို့ပေါ့။ မှောင်ကြောင်ကြောင်အခန်းထဲရောက်သွားတော့
လူလည်း ၀ိုးတိုးဝါးတားရယ်။ ကျနော့်ဘော်ဒါက ကျနော့်ကိုမြင်တော့ အဟီး တဲ့။ ဘာမှမပြောပဲ အခန်းထောင့်ကို မေးဆတ်ပြပီး ကျန်တဲ့လူတွေနဲ့ကလိုက်ခုန်လိုက် သောင်းကျန်းနေတယ်။ အခန်းထောင့်က စားပွဲဝိုင်းလေးပေါ်မှာ ထုံးစံအတိုင်းသောက်စရာ အမျိုးစုံနဲ့သစ်သီးအမြည်းဘာညာတွေတင်ထားတယ်ဗျ။ အဲ့ဒီဘေးနားမှာ မိန်းမတစ်ယောက် နံရံကို
မီပီး(ခြေထောက်တစ်ချောင်းက ထောက် နောက်တစ်ချောင်းက နံရံကို နောက်ပြန်ကန်ထားလျှက်) ရပ်နေတယ်။ ကျနော်လည်းဘာလုပ်ရမှန်းမသိဖြစ်ပီး စားပွဲခုံပေါ်က စီးကရက်တစ်လိပ်မီးညှိဖွာရင်း သူ့ဘေးလက်တစ်ကမ်းလောက်မှာ နံရံကိုမီ ဟိုကြည့်ဒီကြည့်ပေါ့။ ဟိုကောင် ကျနော့်ဘော်ဒါအချက်ပြသွားတဲ့အမူအရာအရ ဒါဟိုတစ်ယောက်ပဲဖြစ်ရမယ်ဆိုပီး
မသိမသာလှမ်းကြည့်လိုက်တော့ ကျနော်နဲ့ မျက်လုံးချင်းဆုံသွားတယ်။ ခပ်တင်းတင်းမျက်နာနဲ့ အကဲခတ်သလိုတစ်ချက်ကြည့်ပီး ကနေတဲ့လူတွေဖက်ကို ပြန်ငေးနေပြန်ရော။ သေသေချာချာကြည့်မိတော့ တစ်ခုခုမှားနေတယ်လို့ထင်မိတယ်။ ဘယ့်နှယ့် ကျနော်နဲ့အမြဲစကားပြောနေတဲ့ မိန်းမက အနည်းဆုံးကျနော့်ထက်မကြီးတောင် ရွယ်တူလောက်ပဲလို့ခန့်မှန်း
ထားတာလေ။ ခုဟာက ကောင်မလေးဗျ။ ကောင်မလေးမှ သောက်ကျိုးနဲ ဂါဝန်လေးနဲ့ဆရာရေ့။ ဂါဝန်အတို၊ဒေါက်မြှင့်ဖိနပ် ဆံပင်ဖြောင့်ဖြောင့်ကျောလည်လောက်ထိဖားလျားချထားတဲ့ ကောင်မလေး။ ခပ်တင်းတင်းနဲ့ အောက်နှုတ်ခမ်းကိုကိုက်ပီး အလိုမကျသလိုဖြစ်နေပေမယ့် မျက်နာဝိုင်းစက်စက်ကလေးက ဘယ်လိုနည်းနဲ့မှ ၂၀မကျော်နိုင်သေးတာသေချာတယ်ဗျို့။ ခပ်မှိန်မှိန်
မီးရောင်အောက်မှာ မကွဲပြားသလိုဖြစ်နေပေမယ့် ဂါဝန်အတိုလေးအောက်က ဖြောင့်တန်းသွယ်လျတဲ့ ပေါင်တံလှလှလေးက အင်မတန်ကြည့်ကောင်းလိုက်တာဗျာ။ သူကလည်း ကျနော့်ကိုဘယ်သူမှန်းမသိ၊ ကျနော်ကလည်း ဒါဟိုအမျိုးသမီးဆိုတာ မယုံမရဲဖြစ်နေတော့ကာ ရုပ်တည်ကြီးတွေနဲ့ နံရံကိုကျောကပ်ပီး မီရင်း ခပ်တည်တည်ကြီးလုပ်နေကြတာခုပြန်တွေးမိ
ရင်တောင် ပြုံးမိသေးတယ်ဗျ။

Comments
Post a Comment