အဝါရောင်စိုက်ခင်း ၁၅

အလုပ် ၀င်သွားတဲ့နောက်ပိုင်း ကျနော်တို့ အရင်ကလို ခဏခဏမတွေ့ဖြစ်ကြတော့ဘူး။
ဟိုဖက် ဒီဖက် ၀ဘ်ကမ်တနေကုန်ဖွင့်ထားတတ်တာမျိုးလဲ မရှိတော့ဘူး။ သူက သူ့ဘ၀နဲ့သူဖြစ်နေသလိုပဲ ကျနော်ကိုယ်တိုင်ကလည်း ခက်ခက်ခဲခဲ ဘ၀ကိုရင်ဆိုင်ရုန်းကန်ရတဲ့ အပိုင်းရောက်လာကြတယ်။ "လှိမ့်နေသောကျောက်တုံးများ" အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ထဲက စာသား
တချို့လိုပေါ့ဗျာ

"ငါတို့ရဲ့ ကုတ်အင်းကျီထဲမှာ အသပြာဆိုတာ မရှိတော့တဲ့အခါ ငါတို့ဝိဥာဉ်တွေထဲ ချစ်ခြင်းမေတ္တာဆိုတာပျောက်ဆုံးခဲ့ပေါ့"

ကျနော်ပြောခဲ့သလိုပါပဲ သူ့ရဲ့ ဂေါ်ဇီလာလောက်ကြီးတဲ့ ဘွဲ့တွေကြောင့် သူဟာအလုပ်ကောင်းကောင်းတစ်ခုရခဲ့တယ်။ အဲ့ဒီနောက်မှာ လုံလောက်ပိုလျှံတဲ့ အသပြာလစာတွေရလာတယ်။ အဲ့ဒါတွေနဲ့အတူ ဖိဆီးမှုတွေပါလာခဲ့တယ်။ တခါတလေမှာ ကျနော့်ကို
စိတ်ထဲမတွေ့သလိုဟောက်တဲ့အခါဟောက်လာတတ်တယ်။ ကျနော်ကကော ဘာထူးလို့လဲ? တက္ကသိုလ်အတန်းကြီးလာတာနဲ့အမျှ စာတွေပိလာတာရယ်.. ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ ပင်ပန်းဆင်းရဲကြီးစွာ အလုပ်လုပ်ရတာတွေရယ်ပေါင်းပီး တော်ရုံကိစ္စကို သည်းမခံနိုင်တော့ဘူး။
အမှန်ဆို လူ့ဘ၀အတွေ့အကြုံပေါင်းများစွာရှိခဲ့ပီးဖြစ်တဲ့ ကျနော်က နားလည်ပေးသင့်ပေမယ့် ရုပ်ပိုင်းဆိုင်ရာ နွမ်းနယ်မှုကြောင့် သူ့ကို ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံတာမျိုး မလုပ်နိုင်တော့ဘူးဗျာ။ ဒီကြားထဲ သူ့ပံ့ပိုးမှုတချို့ကို ကျနော်ခါးခါးသီးသီး ငြင်းဆန်ခဲ့တယ်။ ကျနော်ဟာ
ဘောက်ဆတ်ဆတ်မာကျောကျောကောင်မဟုတ်ပေမယ့်လို့ မိန်းမတစ်ယောက် အကူအညီနဲ့ အသက်ရှင်သန်ဖို့ ဘယ်တုံးကမှမစဉ်းစားခဲ့ဖူးဘူး။ (စားစရာသောက်စရာလေး ၀ယ်ပေးတာကတော့ ချစ်လို့ခင်လို့ဆိုတာ နားလည်ပေးလို့ရတယ် ကိုသရဲ ပြောသလို ဂုံးဆင်းတယ်ပေါ့ဗျာ )
ဒါပေမယ့် ပက်ဆံတွေအများကြီးပါတဲ့ ဘဏ်ကဒ်တစ်ကဒ်ကို pin နံပါတ်ပါရေးပီး ကျနော့် ပက်ဆံအိတ်ထဲ ထားသွားတာမျိုးကြတော့ ကျနော်ရှက်တယ်ဗျ။ ဟကောင်! ဘာလုပ်တာလဲလို့ စိတ်မကောင်းကြီးစွာနဲ့ ကျနော်လှမ်းမေးတော့ တခါတလေ အရက်လေးဘာလေးဝယ်ဝက်သောက်ဖို့
ထားခဲ့တာပါ အဲ့ကဒ်ထဲ ပက်ဆံသိပ်မပါ ပါဘူး အကိုရာ တဲ့။ ဒါနဲ့ ကျနော်လည်းဘာမှမပြောပါဘူး။ မေ့မေ့ပျောက်ပျောက်ပဲ။ တစ်ရက်တော့ အလုပ်ကအပြန် စီးကရက်ဝယ်သောက်ဖို့ ပက်ဆံထုတ်စက်တစ်ခုမှာ နည်းနည်းပါးပါးထုတ်နေရင်း အိတ်ထဲက အဲ့ဒီသူ့နာမည်နဲ့ ဘဏ်ကဒ်ကို မြင်
တာနဲ့ ဘာရယ်မဟုတ်ဘူး စက်ထဲထိုးထည့်ကြည့်ပီး ပမာဏဘယ်လောက်ဆိုတာ ချက်ကြည့်လိုက်တော့ မျက်လုံးတွေကို ပြာဝေသွားတာပဲ။ အများကြီးဗျ။ များတာမှ ဟာကနဲဖြစ်သွားလောက်အောင် များတဲ့ ဂဏန်းတွေမြင်လိုက်ရတယ်။ ကျနော်ရှက်စိတ်တွေဝင်ပီး သိမ်ငယ်သွားခဲ့တယ်။
ငါဟာ ဒီအသက်ဒီအရွယ်ရောက်မှ ကောင်မလေးတစ်ယောက်က သနားတာခံနေရပါလားဆိုတဲ့စိတ်။

ကျနော် ဘာမှမပြောပဲ ခပ်မဆိတ်ပဲနေခဲ့ပါတယ်။ တနေ့နေ့ လူချင်းပြန်ဆုံရင် သူ့လက်ထဲပြန်ထည့်ပေးလိုက်ရုံပေါ့။ အဲ့ဒီလိုမျိုးလုပ်တာကို တော်ရုံ သိက္ခာရှိတဲ့ ယောကျာ်းတစ်ယောက်က မကြိုက်လောက်ဘူးဗျာ။ ဟုတ်တယ်မလားညီအကိုတို့။
ဒီကြားထဲ ကျနော့်မှာ စာမေးပွဲတွေဘာတွေနဲ့ နပမ်းလုံးနေရသလို သူကလည်း အလုပ်တွေတအားရှုပ်နေတော့ လူချင်းတွေ့ဖို့နေနေသာသာ ဖုန်းတောင် သိပ်မဆက်ဖြစ်ကြဘူး။ ဒီလိုနဲ့ပဲ ရက်တွေကြာသွားခဲ့တယ်။ ကျနော်စာမေးပွဲတွေပီးလို့ ပက်ဆံကို အသည်းအသန်ရှာနေတဲ့အချိန် သူနဲ့
လူချင်းမတွေ့ပေမယ့် ကျနော်အလုပ်ပြန်လာတိုင်း ဖုန်းတွေအကြာကြီးပြောဖြစ်ကြတယ်။ တစ်နာရီကို အသပြာ အနည်းငယ်ဝင်ငွေနဲ့ ပက်ဆံရှာနေတဲ့ ကျနော် သူနဲ့စကားပြောဖြစ်တိုင်း စိတ်ထဲတစ်မျိုးရယ်။ ဥပမာ သူက ကားတစ်စီးဝယ်စီးမလို့ အဲ့ဒါ ခြောက်သောင်းဆိုလား ရှစ်သောင်းဆိုလား
အရစ်ကျ မပေးပဲ တစ်ခါထဲငွေချေပီး ၀ယ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်ဘာညာပေါ့။ ကျနော်က အင်းအဲ ဆိုပီး အလိုက်အထိုက်ပြန်ပြောနေရပေမယ့် စိတ်ထဲမှာတော့ "မောင့်အပေါ်ဝယ် ဂံရေ မတူလို့လားဟားဟား" ဆိုတဲ့သီချင်းကို အော်ဆိုနေမိပီပေါ့လေ။ အငုံ့စိတ်ပေါ့လေ။ ပစ္စည်းမဲ့ချက်ကြီးနဲ့
အရေးပိုင်သမီးဇာတ်တော့ခင်းစပြုလာပီပေါ့။ ဒီကြားထဲ သူ့ အလာဘသလာဘ လျှောက်ပြောတဲ့စကားတွေကို ကျနော်သိပ်မနှစ်မြို့လာဘူးဗျ။ ပမာဗျာ သူ့အသိအမကြီးတစ်ယောက် လင်ယူတဲ့ကိစ္စမျိုး။ သောက်တင်းတုပ်တာပေါ့ဗျာ။ ယောကျာ်းက ဘာမှအသုံးမကျတဲ့ကောင် အဲ့ဒီအမကြီးက
အကောင်ကြီးကြီးအမြီးရှည်ရှည် ရာထူးကြီးကြီး ဒါပေမယ့် ယောကျာ်းက အလုပ်အကိုင်လက်မဲ့ကောင်၊ လက်ကြောမတင်း ဒါပေမယ့် အဲ့ဒီအမကြီးက အင်မတန်သဘောကျတာ။ သဘောကျဆို ယောက်ျားက ၀င်ငွေရတဲ့ အလုပ်တစ်ခုမှမလုပ်ပဲ ထမင်းချက်ဟင်းချက် အိမ်သန့်ရှင်းရေးလုပ်၊
အလုပ်က ပြန်လာတဲ့ မိန်းမ ကို ဖူးဖူးမှုတ် ပြုစုယုယ အဲ့ဒါပဲလုပ်တယ်ဆိုလား။ ဒါကို ဇနီးလုပ်သူက ပြုံးလို့ပျော်လို့တဲ့။ ညီမလေးတော့ အဲ့လိုယောကျာ်းမျိုးကို အော့နှလုံးနာတယ်ရှင်တဲ့။ အနည်းဆုံးတော့ ယောကျာ်းတစ်ယောက်ဟာ မိန်းမ ထက်တော့ သာလွန်ပီး အရာရာကိုဦးဆောင်သင့်တယ်မဟုတ်လားတဲ့။
သူ့ဖာသူ ဘာသဘောနဲ့ အဲ့ဒါတွေကို လာပြောတာလဲ ကျနော်မသိဘူးဗျ။ ဒါပေမယ့် လက်ရှိသူနဲ့ကျနော် အခြေနေက တစ်မျိုးဆိုတော့လဲ လူက နေမထိထိုင်မသာ အလိုလိုဖြစ်နေတာပေါ့လေ။ ဒီကြားထဲ တချို့သော စကားတွေက ကျနော့်အတွက်ရယ်စရာကောင်းလွန်းနေပြန်တယ်။
ညီမလေးအိမ်ထောင်ပြုရင် ဇယားမရှုပ်တဲ့ယောကျာ်းပဲယူမယ်အကိုရာတဲ့။ ဘာကိုပြောတာလဲဆိုတော့။ ညီမလေးတို့ အိမ်က ဘယ်လောက်တန်တယ် အဲ့ဒါ အမွေတွေဘာတွေလုယက်တာမျိုးမဖြစ်အောင် ညီမလေးတို့မောင်နှမတွေကြားထဲ ၀င်မရှုပ်မယ့် ယောကျာ်းမျိုးပဲယူမယ်ဆိုလား။
သောက်တလွှဲဗျာ။ ကျနော် ဖုန်းပြောရင်း အံ့သြတကြီးဖြစ်သွားမိတယ်။ ကျနော့်ကို ဘာကိစ္စအဲ့လိုပြောရတာလဲပေါ့။ ဟားတိုက်လို့သာရယ်လိုက်ချင်သေးဆိုတာလိုပေါ့။

ဖိုးသက်ဆိုတဲ့ ကျနော်က ကိုယ့်ပစ္စည်းမဟုတ်ရင် အပ်တိုတစ်ချောင်းတောင်မက်မောတဲ့ကောင်မဟုတ်ဘူးဗျ။ ကလေးကလားစကားတွေ ကျနော့်ကိုများလာပြောရတယ်လို့ဗျာ။
သူပက်ဆံပေါတာများ ကျနော်ဘာလုပ်ဖို့တုံးဆရာတို့ရာ။ ကိုယ့်မာန နဲ့ကိုယ် ကိုယ့်အတ္တနဲ့ကိုယ် လုပ်ချင်တာလျှောက်လုပ်ပီး အသက်ရှင်နေတဲ့လူစားမျိုးပါဗျ။ ဒီကောင်မလေး အင်မတန်လက်ရုံးရည်ပြည့်တယ်လို့ယူဆထားပေမယ့် နှလုံးရည်ပိုင်းဆိုင်ရာတော့ ကျနော်မကြိုက်တော့ဘူး။
မကြိုက်တဲ့အပြင် ကျနော့်ကို တိုက်ရိုက်စော်ကားလာသလိုခံစားလာရတယ်။ ဒါပေမယ့် ခလေးလေးပါဆိုပီး လွှတ်ထားပေးလိုက်သေးတယ်ဗျာ။ တခါတလေတော့လည်း လေသံအေးအေးနဲ့ ရှင်းပြဖူးပါတယ်။ တချို့ဟာတွေ အဲ့လိုတွေးတာမျိုးက မမှန်ဘူး မှားတယ်ပေါ့။ လက်ကျောမတင်းတဲ့ယောကျာ်းလို့
စွပ်စွဲနေတဲ့ မင့်အသိ အမကြီးစုံတွဲက သူတို့ဘ၀နဲ့သူတို့ပျော်နေကြတာပဲ ဘာဖြစ်လို့တုံး။ ဗမာပြေမယ် ပက်ဆံအင်မတန်အရှာတော်ပေမယ့်လို့ မယားကို ဂရုမစိုက်ပဲ အပြင်မှာအပျော်ရှာနေတဲ့ လင်ယောကျာ်းတွေကြောင့် ချမ်းချမ်းသာသာနေရပေမယ့် ဒူးနဲ့မျက်ရည်သုတ်နေရတဲ့ ဇနီးမယားတွေအများကြီး။
သူတို့ပျော်နေမယ်လို့ မင်းထင်နေသလား။ ဘယ်ခါမဆို စိတ်ချမ်းသာပီး မေရယ်မောင်ရယ်တီတီတာတာနဲ့ အဆင်ပြေပြေဖြစ်နေတဲ့ အိမ်ထောင်ရေးမျိုးသာလျှင် အောင်မြင်တယ်လို့ယူဆသင့်တာပေါ့ ဘာညာရှင်းပြမိပါတယ်။ သူတို့ဘ၀လေးနဲ့သူတို့ ပျော်နေတာ မင်းကဘာလို့ဝေဖန်ရတာလဲပေါ့။ နောက်ထပ်မင့်
မိသားစု ကိစ္စတွေလည်း ငါ့လာလာမပြောပါနဲ့လို့ ပြောလွှတ်လိုက်တယ်။ (သူပက်ဆံပေါတယ်ဆိုတာ ကျနော့် "မေ" နဲ့ယှဉ်လိုက်ရင်ရယ်ချင်စရာအဆင့်ပဲရှိမယ်ဗျာ ကျနော်ဆိုတဲ့ကောင်က ဒီလောက်သံယောဇဉ်ကြီးတဲ့ မေ့ ကိုတောင် အတ္တမာနကို ထိပါးလာတယ်ထင်လို့ စွန့်ခဲ့လေမှ သူ့လောက်များစာဖွဲ့နေပါဦးမယ်)
ဒါပေမယ့် ဒီကောင်မလေးက စိတ်သဘောထားပြည့်ဝပီး ကျနော့်အပေါ်ကောင်းရှာပါတယ်ဆိုတဲ့ စိတ်ကလေးကြောင့် ဒေါသထွက်လာတိုင်း အောင့်အီးသည်းခံခဲ့ပါသေးတယ်။

ပြဿနာတက်တဲ့နေ့က ကျနော်အလုပ် တအားပင်ပန်းလာတယ်ဗျာ။
ကျောင်းအောင်စာရင်းတွေလည်း ထွက်တဲ့နေ့ဆိုတော့ ကျောင်းဝဘ်ဆိုဒ်ထဲ ကွန်ပြူတာလေးဖွင့်ပီး ၀င်ကြည့်လိုက်တော့ လွှတ်လွှတ်ကျွတ်ကျွတ်အောင်သွားလို့ လှိုက်ကနဲပျော်သွားတယ်။ အဲ့ဒီအချိန်မှာ ညီမလေးက ရေလက်ကြားတစ်ဖက်က တိုင်းပြေမှာ အလုပ်ကိစ္စနဲ့ဗျ။ အဲ့ဒီမှာ တာဝန်ကျနေတာ ၂လလောက်ရှိနေပီ။
ဒါနဲ့ဖုန်းကောက်ဆက်လိုက်ကော။ ဟကောင်ရေ! ငါတော့အောင်တယ်ပေါ့။ သူကလည်း ဟုတ်လား ၀မ်းသာပါတယ်ပေါ့။ ဂရိတ်ဒင်းဘယ်လောက်ရလဲ။ အနည်းဆုံးတော့ ဘယ်လောက်ရထားမှဖြစ်မယ်။ ဘာဖြစ်လို့ဆို အကို့ကျောင်းက ကမ္ဘာ့အဆင့်နဲ့ကြည့်လိုက်ရင် အလတ်တန်းစားလောက်မရှိတရှိကိုး။ ညီမလေးတို့လို
ကမ္ဘာ့အဆင့်မီကျောင်းက ဘိတ်ချီးလောက်နဲ့ညီဖို့ဆိုရင် ဘာညာ... အင်းးးး ကျနော်မခံနိုင်တော့ဘူဗျ။ ၀ုန်းဒိုင်းကိုကျဲတော့တာ။ အသားကိုတဆတ်ဆတ်တုန်တယ်ဗျာ။ ကျနော်က ကိုယ့်ဘ၀ကို ကိုယ်ကျောင်းနေတဲ့ကောင်ဗျ။ စုတ်ပြတ်သတ် ငတ်မွှတ်ခေါင်းပါးစွာနဲ့ ဒီဘွဲ့ကိုယူဖို့ကြိုးစားခဲ့ရတာ။ ဘယ်ဟာနဲ့မှ လာမနှိုင်းလေနဲ့။
နောက်တစ်ခုက လူတွေသတ်မှတ်တဲ့ အဆင့်ဆိုတာနဲ့လည်း လာမနှိုင်းလေနဲ့။ အလုပ်အကိုင်ကောင်းကောင်းရဖို့၊ ကားကောင်းကောင်းစီးဖို့လောက်၊ လူအထင်ကြီးခံရဖို့လောက် ကျနော်ရုန်းခဲ့တာမဟုတ်ဘူး။ လုပ်ချင်ရာတစ်ခုကို ဖြစ်မြှောက်အောင်လုပ်နေခဲ့တာ။ ပီးမြှောက်ခြင်း တစ်ခုဆိုတဲ့ အရသာလေးကို ကျနော်ကြည်နူးစွာ
ခံစားနေတာကို ဝေမျှလိုက်တဲ့အချိန်မှာ နှိမ်သလိုလိုစကားတွေ ကျနော်မခံနိုင်ဘူးရယ်။ ဒေါသ တကြီးပါပဲ ကျနော် အနှစ်နှစ်အလလ အောင့်ထားသမျှ အကုန်လုံးအော်ဟစ်ပီး ပြောပစ်လိုက်မိတယ်။ မင့်လိုဟာမျိုးငါကလည်း ရီးပဲထင်တယ်ဗျာလို့။ လောကမှာ လူတစ်ဖက်သားကို နှိမ်တတ်တဲ့ လူ့ဗာလတွေကို ငါက လူရာကို
မသွင်းဘူး ဟုတ်ပလားလို့။ သူပြောခဲ့သမျှအကြောင်းအရာတွေထဲက ကျနော်မကျေနပ်သမျှတွေအကုန် လျှောက်ပြောပစ်တော့တာပေါ့။သူလည်း ဗလုံးဗထွေးတွေပြောပီး ကျနော့်ကို တောင်းပန်ဖို့ကြိုးစားသေးတယ်။ ဒါပေမယ့် မရတော့ဘူး။ ကျနော်က ဒေါသကြီးတယ်။ နောက်ဆုံးသူမခံနိုင်တော့ဘူးထင်တယ်။ ဖုန်းချပစ်လိုက်တယ်။
ကျနော်သူ့ဖုန်းကို ဆက်တိုက်ခေါ်ပီး ဆက်ကြမ်းဖို့ကြိုးစားတယ်။ သူဖုန်းကိုပိတ်ပစ်လိုက်တယ်။ ကြောက်သွားတယ်နေမှာပေါ့လေ။

နောက်နေ့တွေကြမှ သူဖုန်းခေါ်လာတယ်။
ကျနော်မကိုင်တော့ဘူး။ အခါတစ်ထောင်လောက်ဆက်တိုက်ခေါ်လည်း မကိုင်ဖြစ်တော့ဘူး။ ကျနော်ဘယ်လိုမှ သည်းမခံနိုင်ဘူး။ သူ့မှာ ကျနော်အထင်ကြီးအားကျလောက်စရာ အရည်အချင်းတွေရှိနေခဲ့ပေမယ့်လို့၊ သူဟာ ကျနော့်အပေါ်အင်မတန် ကြင်နာခဲ့ပေမယ့်လို့၊ စာပေရုပ်ရှင်ဂီတ အစရှိတာတွေမှာ အင်မတန်စရွေးကိုက်ခဲ့
ကြတဲ့ (နောက်ဆုံးအိပ်ယာပေါ်မှာက အစ အတွဲညီလွန်းခဲ့ပေမယ့်) လူ့လောကကိုရှုမြင်ပုံခြင်း မတူကြတဲ့ ကျနော်တို့၂ယောက် ရှေ့ဆက်ဖို့ရာ မဖြစ်နိုင်တော့မှန်း ကျနော်ဆုံးဖြတ်ပီးခဲ့ပီ။ ဖုန်းနံပါတ်တွေ အမျိုးမျိုးပြောင်းခေါ်ပေမယ့် ကျနော်မကိုင်တော့ပါ။ (ကျနော့်ဘ၀မှာ ဖုန်းခေါ်မယ့်လူက ၃-၄ယောက်ပဲရှိတာမို့ အဲ့ဒီနံပါတ်တွေမဟုတ်
ရင် ဖုန်းကို လုံးဝကိုင်စရာမှမလိုတာလေ) ငယ်စဉ်ဘ၀ထဲက ကျနော့် အတွေးအခေါ်က တစ်မျိုးရယ်။ လူအချင်းချင်း တစ်ဖက်သားကို နှိမ်တာမျိုးကို အင်မတန်မုန်းတီးတယ်။ အားငယ်သူဖက်ကနေ ၀င်တိုက်ချင်တဲ့စိတ်က တစ်ဘ၀လုံး လွှမ်းမိုးထားတာမျိုး။ ခုလိုမျိုး (သူစကားပြောမတတ်တာရင်လည်းဖြစ်နိုင်ပါတယ်) တစ်ဖက်သားကို
(အထူးသဖြင့် ကိုယ်သံယောဇဉ်ရှိတဲ့လူကို) နှိမ်သလိုလို လုပ်တတ်သူနဲ့ ဘယ်သောအခါမှ မဆက်ဆံချင်ဘူးဗျာ။(ကျနော်ဆိုလိုတာကို ကိုဆူပါအိုက်စ် ကောင်းကောင်းနားလည်မယ်ထင်တယ်ဗျ ) ဒါနဲ့ပဲ ဇာတ်လမ်းက တစ်ခန်းရပ်ပစ်လိုက်တယ်ဆိုပါတော့လေ။ ဟဲ့ငချိုကန်း ဒီလိုဆိုတော့ နင်ဟာ နှလုံးသားမရှိတဲ့ လူကြီးလားလို့မမေးလေနဲ့။
ကျနော့် အသည်းက ခပ်နုနုရယ်။ တခါတလေအလုပ်ကိစ္စနဲ့ ရထားစီးတဲ့အခါတိုင်း ညီမလေးနေခဲ့ဖူးတဲ့ တောမြို့လေးက ဘူတာရုံအိုလေးကိုရထားဖြတ်တော့မယ်ဆိုရင် ကျနော့်မှာ ရင်ဘတ်တစ်ခုလုံးဗလောင်ဆူနေတာပေါ့လေ။ အမြန်ရထားဆိုတော့ အဲ့ဒီတခါက ခဏခဏရောက်ဖူးခဲ့တဲ့ ဘူတာအိုလေးမှာ အကြာကြီးမရပ်ပဲဆက်ထွက်သွားတာကိုး။
အ၀ါရောင်စိုက်ခင်းတွေ၊ အုတ်ကြွပ်မိုး အိမ်နီနီလေးတွေ၊ မြို့အပြင်က တောအုပ် နီညိုရောင်လေး အစရှိသဖြင့် ရထားပြူတင်းပေါက်မှန်ကနေ မမြင်ချင်ဟန်ဆောင်နေပေမယ့်လို့ မြင်နေရတာကိုး။ အတွေးတွေက တခါကနေ့ရက်တွေဆီ ရောက်သွားသလို အဲ့ဒီမြင်ကွင်းတွေကို ငေးနေတဲ့ ကျနော့်မျက်လုံးတွေကလည်း မှုန်သီသွားတတ်တယ်။
ဘယ်ခါမဆို သံယောဇဉ်ဆိုတာမျိုးကလဲ ဝေဒနာတွေချန်ထားတတ်တာမျိုးမဟုတ်လားဗျာ။

ဟင်! ချမ်းကို နင့်ဟာက ဒါပဲလားလို့မေးရင် ဟုတ်သေးပူးဗျ အဟီး။ ပီးတော့မပီးသေးဘူး။
နောက်ထပ်၎-၅လလောက်အကြာ အလုပ်ထဲမှာ တိုင်ပတ်အလုပ်များနေတုံး ဖုန်းမက်ဆေ့ခ်ျတစ်ခုရောက်လာတယ်။ တစ်ခါမှ မမြင်ဖူးတဲ့နံပါတ်တစ်ခုဗျ။ ဖွင့်ဖတ်လိုက်တော့..

အကို ညီမလေး ချဲနယ်လ် ကိုဖြတ်လာတာ ဒီဖက် နိုင်ငံကိုအ၀င်မှာ ဖမ်းထားတယ် ကယ်ပါဦး တဲ့
ကျနော့်လည်း ခြေမကိုင်မိလက်မကိုင်မိရယ်။ ဒီဖက်ကနေ ဟိုဖက်တိုင်းပြေကူးပီး အလုပ်ကိစ္စနဲ့တာဝန်ကျရာကနေ ခဏပြန်အ၀င်မှာ ဗမာပတ်စ်ပို့တန်ခိုးကြောင့် ဆွဲခံထားရတာပေါ့။(ကမ္ဘာကျော်တက္ကသိုလ်က ထွက်ထွက်မထွက်ထွက်နော်ဟဲဟဲ) ဗမာလူရွှင်တော်တွေပြောသလိုပြောရရင် "မင့်ညီမလေးကိုရဲတွေဖမ်းသွားပီ" ပေါ့ဗျာအဟီး။
ဘယ်လောက်ပဲပြတ်ပါတယ်ပြောပြောလေ။ သံယောဇဉ်ရှိခဲ့ဖူးတာကိုး။ တကယ်ဆို ကျနော်လည်း ဘာတတ်နိုင်မှာမို့တုံး။ ဒါပေမယ့် စိတ်ထဲမှာတော့ ဆောက်တည်ရာမရဖြစ်သွားတာပေါ့။ ဒါနဲ့ မနေနိုင်တော့ပါဘူး ဖုန်းခေါ်ရတော့တာပေါ့။ ဘာဖြစ်တာလဲဘာညာပေါ့။ ပြဿနာက ဒီဖက်မှာနေတုံးက အလုပ်လုပ်တော့ ပတ်စ်ပို့ကတစ်ခု၊ ဟိုဖက်ကနေပြန်ဝင်
လာတော့ ပတ်စ်ပို့အသစ်တစ်အုပ်ကိုင်လာတာ အဲ့ဒီမှာ ရှုပ်ကုန်လို့ ခဏဆွဲထားပီး စစ်တော့တာ။ အမှန်ဆို သူ့ဖာသူရှင်းနိုင်ပါတယ်။ ကျနော်လည်း ဘာမှလုပ်ပေးလို့ရတာမှမဟုတ်တာ။ (နောက်မှစဉ်းစားမိတာ ဒင်းက အဲ့ဒီကိစ္စကို ခုတုံးလုပ်ပီး ဥာဏ်များတာပါဟင်းဟင်း) တိုတိုနဲ့လိုရင်းပြောရရင် အေးဆေးဖြစ်သွားတယ်ပေါ့။ သူလည်းကြောက်ပီး ကျနော့်
ကို စကားတွေဆက်တိုက်ပြောနေတော့တာ။ နောက်တော့ အရင်စကားများခဲ့တာတွေကို မသိသလိုလိုဘာလိုလိုနဲ့ ဒါထက် နက်ဖန်ဘယ်မြို့မှာ ရောက်နေမှာ အဲ့ဒါ ခဏလောက်ဖြစ်ဖြစ်လာခဲ့ပါလား အကိုရာတဲ့။ ကျနော်ကလည်း အပေါ်မှာ ရေးပြခဲ့တဲ့ဘဏ်ကဒ်ကိစ္စရှင်းစရာ ရှိလေတော့ကာ အင်း ငါလာခဲ့မယ်ပေါ့။ ဒါနဲ့ပဲ နောက်နေ့ညနေစောင်းအလုပ်အပီး
မှာ သူပြောတဲ့မြို့ကိုလိုက်သွားတယ်ဆိုပါတော့ဗျာ။

Comments

Popular posts from this blog

အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၇

Alternate Ending

ကျွန်တော်နှင့် ထူးဆန်းသောသစ်သားရုပ်ထုလေး ၃၆