အဝါရောင်စိုက်ခင်း ၃
အပေါ်ပို့စ်မှာ ပြောခဲ့သလို စောင်ခြုံပီး အိပ်ပစ်လိုက်တာ ခရီးပန်းလာလို့လားမသိဘူး တုံးကနဲပဲဗျ။
ကိုဇော်ဦးတို့ပြောသလို ဘာတွေညာတွေ ဘာမှမဖြစ်ပေါင်။ ရိုးရိုးသားသားပဲ အိပ်ပျော်သွားတယ်။ စိတ်ထဲသရိုးသရီတောင်မဖြစ်ဘူးရယ်။ တရေးနိုး ရှူးပေါက်ချင်လာလို့ ထပေါက်တော့ ညီမလေး ကျနော့်ကိုခွပီးအိပ်ပျော်နေတာသတိထားမိတယ်။ အဲ့ဒါလည်း ကျနော့်ကိုခွထားတာလား ဖက်လုံးကို
ခွထားတာလားမသိပါဘူး။ အသာလေးထသွား အိမ်သာထဲဝင် ရှူးပေါက်ပီး ကိုယ့်နေရာကိုယ်ပြန်ဝင်အိပ်လိုက်တာပဲ။ သူ့ခြေထောက်က ကိုယ့်ခါးကို ချိတ်ပီး ထပ်ခွလာလို့တောင် မကောင်းတတ်မှန်းသိတော့ အိပ်ယာအစွန်း ကို ရွေ့ပီး ခွေခွေလေးအိပ်လိုက်သေးတယ်။ မင့်ဟာက ဟုတ်ကောဟုတ်လို့
လားလို့ ခင်ဗျားတို့ မေးချင်နေကြမယ်ထင်တယ်။ မယုံလည်း မတတ်နိုင်ဘူးဆရာတို့ရာ။ ကျနော်က လူပျိုပေါက် အလိုလိုနေရင်း လောင်တီးနေတဲ့ ချာတိတ်မှ မဟုတ်တော့တဲ့အရွယ်ကိုး။ ပီးတော့ ကိုယ့်ညီမလေးအရွယ်လေးက ကိုယ့်ကို ယုံလို့ တူတူအိပ်နေရှာတာ အဲ့လိုလုပ်ပေးစရာလားဗျာ။ တကယ်
ပြောတာ တွေးတောင်မတွေးမိဘူး မဟုတ်တရုတ်လုပ်ဖို့။ ဒါနဲ့ပဲ ပြန်အိပ်ပျော်သွားတာ မိုးလင်းသွားကရော။
မနက်မိုးလင်းတော့ အလန့်တကြားနဲ့ နိုးလာတယ်။ ဟေ့လူ! ထထ အိပ်ပုတ် နေဖင်ထိုးနေပီဆိုပီး အတင်းလှုပ်နိုးတာခံလိုက်ရတာကိုး။
အတင်းလှုပ်နိုးယုံရင် မကဘူး ရေကိုင်ထားတဲ့ လက်အေးအေးနဲ့ လည်ပင်းတွေ၊ ဂုတ်တွေကို လာကိုင်ပီးနိုးတာ။ အာကွာ! ဆိုပီး ဆူဆောင့်ဆောင့်နဲ့ထ ထိုင်လိုက်ရတယ်။ ချီးလေး! သောက်ကျင့်ယုတ်တယ် လို့ ကလော်ဆဲလိုက်တော့.. အေး! နန်းကြီးသုတ်နော် ဘဲဥ၊ငါးဖယ်နှိုင်းချင်းနဲ့ ဟင်းခါးလေးပါ ပါ
သေး မစားချင်လည်းနေဟာ တဲ့။ သောက်စားဆို အင်မတန်မက်တဲ့ ကျနော်.. အဲ့ဒီအသံလည်းကြားကော ဟီး.. စားမယ်လေ ရယ်ဒီပဲလား ဆိုပီး ချက်ချင်းစောင်ခြုံထဲက ထွက်၊ ရေချိုးခန်းထဲဝင် မျက်နာသစ်သွားတိုက်၊ ရေမိုးချိုးတာတွေခပ်သုတ်သုတ်လေးလုပ်လိုက်တယ်။ အားလုံးပီးတာနဲ့ ပါလာတဲ့အ၀တ်
ပိုတစ်စုံကောက်ဝတ်ပီး အောက်ထပ် မီးဖိုခန်းကို ဆင်းသွားတော့ ထမင်းစား စားပွဲပေါ်မှာ လှတပတမနက်စာလေးက အသင့်ပဲ။ နန်းကြီးသုတ်၂ပွဲလောက် ရှောက်သီးလေးညှစ်၊ နံနံပင်လေးနိုင်နိုင်ထည့်ပီး ကစ်ပစ်လိုက်တယ်။ ကောင်းလိုက်တာဗျာ။ ဟင်းခါးလေးကလည်း ချိုကချိုမွှေးကမွှေးနဲ့ (ပြောရင်းဗိုက်ဆာ
လာတယ်ခွီး) ကျနော်စားနေသောက်နေတုံး ညီမလေးက သူ့အခန်းထဲပြန်တက်သွားတယ်။ စားသောက်ဆေးကြောပီးလို့ နောက်ဖေးတံခါးလေးဖွင့် အပြင်ထွက်ပီး စီးကရက်လေးဖွာ၊ ရေနွေးကြမ်းလေးရှလူးရှလူးမှုတ်သောက်နေတုံး ညီမလေး အပေါ်ထပ်က ပြန်ဆင်းလာတယ်။ ဟေ့လူ ဈေးသွားရအောင် တဲ့။
သူတို့မြို့လေးကို သေချာမမြင်ဖူးသေးတဲ့ ကျနော်ကလည်း အေးကွာ ဆိုပီး ဂျာကင်လေးကောက်စွပ်၊ ဖိနပ်စီးပီး ၂ယောက်တူတူအပြင်ထွက်လာမိတယ်။
သူ့အိမ်တ၀ိုက်က တောပန်းအရိုင်းနီနီဝါ၀ါလေးတွေ အလေ့ကျပေါက်နေတဲ့ ပတ်ဝန်းကျင်နဲ့တော်တော်လှတာဗျ။
မြို့ထဲသွားတဲ့ လမ်းတစ်လျှောက်လည်း လီလီပန်းလေးတွေ၊ ဘယ်ရီသီးတွေသီးနေတဲ့ ခြုံကလေးတွေနဲ့ အင်မတန်ကျေးလက်ဆန်တာ။ ၂ယောက်သား ပုခုံးချင်း တိုက်ပီး အူမြူးနေကြတယ်။ ကလေးမ ပေါက်စလေးလိုပဲ လမ်းလျှောက်ရင်း ပေါင်လည်လောက်ရှိတဲ့ အုတ်ရိုးဘောင်ကလေးပေါ် တက်ပီးလျှောက်ဆော့၊
ကျနော့်ကို ဘေးကနေ သူ့လက်တွေကို ကိုင်ပီး ထိန်းခိုင်း၊ တဟိဟိနဲ့ဖြစ်နေတာ။ မြို့ထဲရောက်တော့လည်း ဒါကဘာ၊ ဟိုဟာက ဘာ ဆိုပီး ကျနော့်ကို ဆရာလုပ်ပီး ရှင်းပြနေတာကို ပြုံးစိစိနဲ့ နားထောင်နေရတယ်။ ဘာကြောင့်ချက်ချင်းလက်ငင်းကြီး ခုမှလူချင်းတွေ့ပီး ခုလိုအဆင့်တွေရောက်ကုန်တာလဲဆိုတော့ကာ
ခင်ဗျားတို့ နားလည်ချင်မှနားလည်လိမ့်မယ်။ အရင်ကထဲက ဖုန်းထဲမှာရင်းနှီးပီးသားဖြစ်တာရယ်၊ စာသမားချင်းချင်းဖြစ်တာရယ်၊တစ်လောကလုံးမှာ ဗမာစကားပြောတဲ့လူဆိုလို့ သူရယ်ကျနော်ရယ် ၂ယောက်ထဲရှိနေသလိုဖြစ်နေတာရယ်ကြောင့်ဗျ။ ခုလိုရင်းရင်းနှီးနှီးပေါင်းကြည့်လေလေ သူနဲ့ကျနော်က စရွေးကိုက်လေလေ
ဆိုတာ ပိုပိုသိလာတာလဲပါမှာပေါ့ဗျာ။ တိုတိုပြောရရင် မြို့ထဲက ဈေးကလေးမှာ ၂ယောက်သားလှည့်ပတ်ကြည့်ပီး ဟိုဝယ်ဒီဝယ်ပေါ့၊ သူတို့မြို့က ရှော့ပင်းမောတွေဘာတွေရှိပေမယ့် အဲ့ဒီလို အသားစိုလတ်လတ်ဆတ်ဆတ်၊အသီးအရွယ်၊သစ်သီး၊လက်လုပ်လူသုံးကုန်၊အ၀တ်အထည်လေးတွေ မြို့အလည်ကွက်လပ်မှာ ချရောင်း
တဲ့ဈေးက နေ့တိုင်းမရှိဘူးတဲ့။ (ရှမ်းပြေက ငါးရက်တစ်ဈေးလိုပေါ့) နေ့လည်ပိုင်းရောက်တော့ အိမ်ပြန်လာကြတယ်။ လမ်းမှာ အထုပ်ကြီးတွေကို တရွတ်တိုက်ဆွဲပီး သယ်လာရတာကျနော်ပေါ့ဗျာ။အိမ်ပြန်ရောက်တော့ ၀ယ်ခြမ်းလာတာတွေ မီးဖိုခန်းထဲ နေရာချ၊ နေ့လည်စာတူတူစားပေါ့။ ဟင်းတွေကတော့ သိတဲ့အတိုင်း ငါးခူကြော်
ချက်၊ ငါးပိရည်၊ အတို့အမြုပ်စုံ၊ ချဉ်ရည်ဟင်း၊ယိုးဒယားဆန်မွှေးမွှေးလေးနဲ့ချက်ထားတဲ့ထမင်း... မောင်ချမ်းတို့ နတ်ပြေ ရောက်နေသလိုပဲဆရာရေ့ဟီး။ ရေရေလည်လည်ငတ်ထားတာကြာပီ မဟုတ်လားဗျာ။ အသေကိုအုပ်တာ။ စားပီးတာနဲ့ လှုပ်တောင်မလှုပ်ချင်တော့ဘူး။ သူ့ဆီက ဦးချိန်တီ အစာကြေဆေးတွေတောင်းပီး ၀ါးရသေးတယ်။ ဗိုက်ကြီးကယ်နေလို့ဟီး။
နေ့လည်စာ အုပ်ပီးတာတောင် ညစာက ဘာစားရဦးမှာလဲ မသိဘူးဆိုပီး စိတ်ကူးနဲ့ အူမြူးနေတာ။ (ငတ်ကြီးကျချက်ဟီး)
စားသောက်ပီးတော့အပေါ်ထပ် အခန်းကိုတက်လာပီး ထုံးစံအတိုင်း စာအုပ်တစ်အုပ်ကောက်ကိုင်ပီး နှပ်နေလိုက်တာ ညနေစောင်းသွားတယ်။ အိမ်အောက်ထပ်မှာ အလုပ်ရှုပ်နေတဲ့ ညီမလေး အပေါ်ထပ်တက်လာပီး ဟေ့လူ! ဒီည ရုပ်ရှင်သွားရအောင်လေ တဲ့။ အင်း သွားတာပေါ့လို့ပြန်ဖြေလိုက်တယ်။ (နောက်ပိုင်းသတိထားမိလာတာက ညီမလေးနဲ့ကျနော်က
တစ်ယောက်ယောက်က ဒါလုပ်ရအောင်လို့ စလိုက်တာနဲ့ နောက်တစ်ယောက်က မငြင်းဘူးရယ် .. ၂ခါညှိစရာမလိုဘူး.. လုပ်လိုက်လေ ဆိုတာချည်းပဲဗျ) ဒါဆို ညစာ စားပီးမှ လစ်တာပေါ့ ညစာစားဖို့ပြင်လိုက်တော့မယ် ခဏနေဆင်းလာခဲ့ ဆိုပီး ပြန်ဆင်းသွားတယ်။ ဒါနဲ့ကျနော်လည်း ရေမိုးချိုးဖို့ပြင်တယ်။ ဒီလောက်အေးနေတဲ့ ရာသီဥတုမှာကို ရေသရဲ ကျနော်က
တစ်ရက်၂ခါလောက်ရေမချိုးရ မနေနိုင်ဘူး။ ဒါနဲ့ ရေချိုးခန်းထဲဝင် ရေနွေးနွေးလေးနဲ့ ရေပန်းအောက်မယ် ဇိမ်ခံပီး အကြာကြီးချိုးနေမိတယ်။ အဲ့ဒီမှာ ပေါက်ကရထဖြစ်သေးတယ်။ ဟို ညီမလေးပေါ့ ရေချိုးခန်းထဲဝင်လာတာ။ အိမ်သာက ရေချိုးခန်းထဲမှာဆိုတော့ ရှူးဝင်ပေါက်တာတဲ့။ ခက်တာက သူတို့ အိမ်က အိပ်ခန်း၊ရေချိုးခန်း တံခါးတွေမှန်သမျှ ကလန့်မတပ်ထားဘူး။
ဒီတော့ တံခါးလေးစေ့ပီး ရေချိုးတဲ့ မှန်ခန်းလေးထဲဝင် မှန်တံခါးပိတ်ပီးချိုးနေမိတာပေါ့။ ကိုယ့်အရှိန်နဲ့ကိုယ်ဆိုတော့ မသိဘူးရယ်။ ၀င်ပေါက်ဝကိုကျောပေးထားရင်း လူရိပ်လိုလိုဖျတ်ကနဲတွေ့မိတာနဲ့ သမင်လည်ပြန်ကြည့်လိုက်တော့ သောက်ကျိုးနဲ! ပါးစပ်အဟောင်းသားနဲ့ အပေါက်ဝကနေ လှမ်းကြည့်နေတဲ့ ညီမလေးဖြစ်နေတယ်။ ရေချိုးခန်းမှန်တံခါးက မှန်အကြည်တပ်
ထားတာဆိုတော့ ဖင်တုံးလုံး မောင်ချမ်းကို ခင်ဗျာ သူ့မျက်စိရှေ့တည့်တည့် ဖန်ချိုင့်ထဲက ရွှေငါးလေးလို ကွက်ကွက်ကွင်းကွင်းပေါ့ဟီး။ တော်သေးတာက ကျနော်က ကျောပေးထားတဲ့ အနေအထားမို့၊ ကျောပြင်ရယ်၊ ဖင်ပြောင်ကြီးရယ်ပဲမြင်သွားတာလေ။ အရှေ့ဖက်သာလှည့်ချိုးနေမိလို့ကတော့ ဂေါက်တံကြီး တရမ်းရမ်းပါ မြင်လိုက်ရမှာအဟိ။ ကိုယ့်ဖာသာ ရေသံတွေနဲ့
ဆိုတော့ သူဘယ်အချိန်က ကြည့်နေမှန်းမသိလိုက်ဘူးရယ်။ လှည့်ကြည့်လိုက်တော့မှ ပါးစပ်ကလေးကို လက်ဖ၀ါးနဲ့အုပ်ပီး ရယ်ချင်နေတဲ့ဟန်လေးနဲ့ ထွက်ပြေးသွားတယ်။
ညစာတူတူစားကြတော့ ကျနော်က မျက်နာပူလို့ပေါ့။ သူကတော့ တခစ်ခစ်နဲ့ ကျနော့်ကိုကြည့်ကြည့်ပီးရယ်နေတာ။ ဘာလဲဟ! ဆိုတော့..
အကိုက အနွေးထည်အင်းကျီဝတ်ထားရင် မသိသာဘူးနော် တဲ့။ ဟမ်! ဘာကိုပြောတာလဲဆိုတော့ ကိုယ်လုံးလေ ကိုယ်လုံး တဲ့.. ဟရောင်! တော်တော့ ဆိုတာကို ဆက်ပြောနေသေးတယ်။ တောင့်တော့အတောင့်သား ကိုယ်လုံးရှိ၊တင်ပါးရှိ ပဲတဲ့။ ကျနော့်မှာရှက် လွန်းလို့ ထမင်းကို ခေါင်းငုံ့ပီးစားနေရတာပေါ့ဗျာ။ နောက်တော့ အေးဘာ! မင်းသတ္တိရှိရင် ရေချိုးကြည့်လေ
ငါလာချောင်းဦးမယ် လို့ပြောလိုက်တော့ .. ဟီး! အကိုမပြန်မချင်း ရေမချိုးတော့ဘူး မီးမီကြောက်ကြောက် တဲ့။
အဲ့ဒီညက မျက်နာပူနေပေမယ့် မျက်နာပြောင်တဲ့ ညီမလေးကြောင့် ခဏနေတော့လည်း မရှက်တော့ပါဘူး။
မြို့ထဲသွား၊ ရုပ်ရှင်တူတူကြည့်ဖြစ်တယ်။ ပြန်လာတော့ ရာသီဥတုက ကြောက်စရာကောင်းအောင်အေးစက်နေပီ။ လေကလည်း တ၀ီးဝီးတိုက်လို့။ လက်အိတ် မပါတဲ့ ကျနော့်လက်ချောင်းတွေ ကျဉ်ထုံလာတော့ ညီမလေးက သူ့ သားမွှေးကုတ်အင်းကျီ လက်ထဲ ကျနော့်လက်ချောင်းတွေကို အတင်းထိုးထည့်ထားပေးတယ်။ ပီးတော့ ငြိမ်ငြိမ်မနေဘူး။ ကျနော့်လက်ဖ၀ါးတွေကို
သူ့လက်ချောင်းပျော့ပျော့လေးတွေနဲ့ ကုတ်ပီးဆော့နေသေးတယ်။ အိမ်ပြန်ရောက်ပီး အိမ်ထဲဝင်လိုက်တော့မှ နွေးကနဲဖြစ်ပီး သက်သာသွားတယ်။ ရာသီဥတုက အားကစားသမားများ အကြိုက်ပါခင်ည... လို့ ပြောင်ချော်ချော်နောက်တောက်တောက်ပြောရင်း ကျနော့်ညီမလေးက နေ့လည်က ၀ယ်လာတဲ့ ၀ိုင်ပုလင်းတွေထုတ်လာတယ်။ သစ်သီးနည်းနည်းအခွံနွှာတယ်။ ပီးတော့မှ
ဧည့်ခန်းက ဆိုဖာခုံရှည်ပေါ် နှစ်ယောက်သား စောင်အပါးလေးတွေခြုံ ၀ိုင်လေးမော့၊ အမြည်းအဖြစ်သစ်သီးလေးကိုက်၊ စာအကြောင်းပေအကြောင်း အာလူးလေးတွေဖုတ်၊ ရီဝေေ၀နဲ့ပေါ့(ပြောရင်းလွမ်းထှာအေ) ညဉ့်နက်တော့ ထုံးစံအတိုင်းပါပဲ သူ့အိပ်ခန်းထဲဝင် အိပ်ယာပေါ်တက်ပီး တူတူအိပ်လိုက်ကြတယ်။ ပထမည ကလိုတော့ သူ့ပုံစံကသိပ်ရှိုးတိုးရှန့်တန့်မဖြစ်တော့တာသတိ
ထားမိတယ်။ ဒီလိုနဲ့ တနင်းဂနွေနေ့ရောက်သွားတယ်။ ညနေဖက် ရထားနဲ့ ကျနော်လည်းပြန်ရတော့မယ်ဗျ။ မနက်စာ မုန့်ဟင်းခါးလေးစားသွားဆိုပီး ချက်ကျွေးရှာပါတယ်။(ဧည့်ဝတ်တော့ အတော်ကြေရှာတာ) နေ့လည်စာကိုလည်း သေသေချာချာလေးချက်ကျွေးတဲ့အပြင်၊ ချဉ်ပေါင်ကျော်၊ ငါးပိကောင်၊ ငါးရံ့ခြောက်၊ အစရှိသဖြင့် အကုန်လုံးဗူးတွေပလုံးတွေနဲ့သေသေချာချာ
ပါဆယ်ထည့်ပေးသေးတာ။(ဒီလိုညီမလေးမျိုးဘယ်နားသွားရှာမလဲဗျာ)
နေ့လည်စာ စားပီးတော့ ခဏအိပ်ယာထဲဝင်ခွေနေလိုက်သေးတယ်။ ပြန်ရမယ့် ခရီးက နည်းတာမှမဟုတ်တာဆိုတော့ စိတ်လေလေနဲ့ပေါ့ဗျာ။
နေ့လည်၃နာရီလောက်ရှိတော့ ညီမလေး အခန်းထဲဝင်လာတယ်။ အထုတ်တွေဘာတွေသေချာထုတ်ထားပေးတယ် ဘယ်အထုပ်က ဘာနော် ဘာညာတွေမှာနေတာ။ ပီးတော့ ကျနော့်ဘေးမှာ လာဝင်ခွေအိပ်တယ်။ ငါနင့်ဆီလာလည်ရတာ ပျော်တယ်ဟ ညီမလေးရ ပြန်တောင်မပြန်ချင်ဘူးလို့ ပြောလိုက်တော့ မျက်နာလေးက ၀မ်းနည်းသွားတယ်။ ဒါကထုံးစံပဲလေ။
ခဏနေရင် သူလည်း တစ်ယောက်ထဲ ဒီအခန်းလေးထဲ ကျန်ရစ်ခဲ့တော့မှာ။ ကျနော်လည်း အရင်လိုပဲ မပျော်လည်းပျော်လည်း တစ်ယောက်ထဲ အေးတိအေးစက် အခန်းထဲကို ပြန်ရောက်သွားတော့မှာမဟုတ်လား။ အမြဲ မှုန်ပြာရီမှိုင်းနေတဲ့ အေးစက်စက်ရာသီဥတုကြီးမှာ အပေါင်းအဖော်မရှိတစ်ယောက်ထဲ ရှင်သန်ရတာမလွယ်ပါဘူး ဆရာတို့ရာ။ ခုလည်းအင်္ဂါဂြိုလ် မှာဆုံရတဲ့ ရှားရှားပါးပါး
လူသား၂ယောက်လိုဖြစ်နေတဲ့ ညီမလေးနဲ့ ကျနော်က ခွဲရတော့မယ်ဆိုတော့ကာ တစ်မျိုးကြီးရယ်လေ။ အဲ့ဒါနဲ့ ငိုမဲ့မဲ့မျက်နာလေးကို ဆွဲပီးနမ်းလိုက်မိတယ်။ (မောင်ချမ်းကို ဂွင်ဖန်ပီလို့တွေးနေကြပီလား မထင်ပါနဲ့ ဆက်ဖတ်ကြပါခင်ညာ) အဲ့ဒီမှာ ငိုချင်ရက်လက်တို့ဖြစ်သွားတဲ့ ညီမလေးက အကိုရာ! ဒီနေ့မပြန်ပါနဲ့ဦးဟာ တဲ့။ နက်ဖန်မနက်စောစောရထားနဲ့ပြန်လည်း ရတာပဲဟာတဲ့။
ကျနော်ကလည်း တအားပြန်ချင်နေတာဆိုတော့ တစ်လုံးပဲပြန်ပြောလိုက်တယ် အေး!!! လို့ အဟီး။
ဒါပေမယ့် တစ်ခုတော့ လက်လွန်သလိုလိုဖြစ်သွားတယ်ဗျ။ သူ့ကိုဖက်နမ်းတာက နဖူးလေးပါးလေးပါ။ ကျနော်နမ်းနေတာကို ငြိမ်ငြိမ်လေးခံနေတော့ကာ စိတ်ယားလာပီး နှုတ်ခမ်းလေးကို နမ်းလိုက်မိတယ်။
သူက အသာလေးရုန်းထွက်ပီး ဟေ့လူကြီး! ဒါ ဘာလုပ်တာလဲ တဲ့ဟီး။ ဘာလုပ်လို့လဲဟ ဆိုပီး ရူးချင်ယောင်ဆောင်လိုက်တော့.. ဟွန်းနော်! ကျုပ်က ရှင့်ရည်းစားမဟုတ်ဘူးနော် တဲ့အဟိ။ အဲ့လိုသာ ဟောက်ဟမ်းနေတာ လူကတော့ ကျနော့်ကို အသေဖက်ထားပီဗျ။

Comments
Post a Comment