အိုင်ဆေးချမ်းကိုနှင့်သူ၏သူငယ်ချင်းမလေးတစ်ယောက်အကြောင်း ၁၆
နောက်ဆုံးအပိုင်းပါပဲ ညီအကိုတို့။
မုဒသွင်းထားတာ ဘဒ္ဒ၀ိဇ္ဇာ လေးလုံးရှိနေပီ။ ပေါက်ကွဲသံစဉ်တွေလာပါပီခင်ညာ။
မေ အဲ့လိုငြင်းဆန်လိုက်တဲ့အချိန်မှာ ကျနော်ရင်ဘတ်တစ်ခုလုံးဗလောင်ဆူသွားတယ်ဗျာ။
Boxing စကားနဲ့ပြောရရင် left hook: မိသွားတယ်ပေါ့။ ထိချက်ပြင်းတယ်ဆရာ။ ထင်မှမထင်မှတ်ထားတာကိုး။ သူပဲကျနော့်ကို ဒီလောက်ချစ်ပြ တွယ်တာပြနေတာကြီးလေ။ ကယောင်ကတမ်းနဲ့ ဘာမှကိုပြန်မပြောနိုင်တော့ပဲ ထိုင်လိုက်ထလိုက်ကိုဖြစ်နေခဲ့တာဗျ။ မှတ်မှတ်ရရ အဲ့ဒီစကားတွေပြောနေခဲ့စဉ်
က မေ တို့ခြံထဲက စံပယ်ခြုံလေးဘေး ခုံတန်းလေးပေါ်မှာ ညနေစောင်းအချိန်။ မေ က ကျနော့်စကားတွေနားထောင်ပီးတာနဲ့ အဝေးကိုပဲငေးနေတော့တာ။ ကျနော်က ထရပ်ပီး ခြေတုန်လက်တုန်နဲ့စီးကရက်ဖွာလိုက် ဘာလဲကွာ! ဘာတွေဖြစ်ကုန်ပီလဲကွာ! ဆိုတဲ့ဝါကျ၂ကြောင်းကို
တတွတ်တွတ်ရွတ်ရင်း မေ့အရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိတယ်။ တစ်တင်္ဂရူးသွားသလားတောင်မှတ်ရ။ စီးကရက်၃-၄လိပ်ကုန်တော့ မေ က သူ့ဘေးမှာ လာထိုင်ဖို့ခေါ်တယ်။ ၀င်ထိုင်လိုက်တော့ လူက အငြိမ်မနေဘူး။ တုန်တက်နေတာ။ မေ က ကျနော့်ကျောပြင်ကိုလက်နဲ့ခပ်ဖွဖွပုတ်
ပေးနေတာကို ခါချသလိုလုပ် သူ့လက်တွေကိုဆွဲဖယ်လိုက်ရင်း ကျနော်မေးခွန်းတွေဆက်တိုက်ထုတ်နေမိတယ်။
မေ! ငါ့ကိုချစ်တယ်ဆို
အင်းလေ..(သူ့အင်းလေဆိုတဲ့အသံက တုန်ပီးအဖျားခတ်နေတယ်)
ဒါဆို ဘာဖြစ်လို့ ?
ချစ်တိုင်း လက်ထပ်စရာမလိုပါဘူး မောင်ရာ
မေ.. နင် ငါ့ကို အရူးစကားတွေမပြောနဲ့ဟာ .. ဘာလဲ.. ငါ့ကိုမယုံလို့လား
မဟုတ်ပါဘူး မောင်ငါ့ကို အရမ်းချစ်မှန်းသိပါတယ် ငယ်ငယ်ကကောင်ရှုပ်လေးလိုမဟုတ်တော့မှန်းလဲသိပါတယ်
ဒါဆိုဘာကြောင့်လဲ!!!!! မေ.. ငါမခံနိုင်တော့ဘူးးးး
ကျွတ်! ငါတို့ လက်ထပ်စရာလိုလို့လား .. တသက်လုံးဒီအတိုင်းနေမယ်ကွာ မေနဲ့မောင်ညတိုင်းတူတူအိပ်မယ် ဒါဆိုရပီမဟုတ်လား
သြော် တိတ်တိတ်ပုန်းလင်မြှောင်လေးပေါ့ ငါ့ကိုယ်ငါတောင် ရွှံသလိုလိုဖြစ်သွားတယ် .. အဲ့ဒါမျိုးတော့ ငါ့ကိုလာမလုပ်နဲ့ ငါယောကျာ်းဟ ငါ့မှာ အတ္တမာနရှိသေးတယ် နင်ငါ့ကိုခိုင်မာတဲ့ အကြောင်းပြချက်ခုပေး အဓိပ္ပါယ်မရှိတာတွေမကြားချင်ဘူး
အဲ့လိုမျိုးပွဲကြမ်းနေတဲ့ အချိန်မှာ မယုံကြည်နိုင်လောက်ဖွယ်တိုက်ဆိုင်မှုကဖြစ်သေးတယ်။
ဖုန်းဝင်လာတာဗျ။ ပွဲကြမ်းနေတော့ကာ မကိုင်ဘူး။ မကိုင်လေလေ ဆက်တိုက်ခေါ်လေလေဖြစ်လာတော့ လူက စိတ်တိုတိုနဲ့ ကောက်ကိုင်လိုက်ကော။ ဘယ်သူဘယ်ဝါခေါ်မှန်းလဲ သေချာသတိမထားမိလိုက်ဘူး။ ဘယ်သူဖြစ်နေတယ်ထင်လဲဗျ။ ကျနော်ပြောပြောနေတဲ့ ကျောင်းနေဖက်သူငယ်ချင်း
မိန်းကလေး၃ယောက်ထဲက တစ်ယောက်ဗျာ။ ပွဲကကောင်းချက် အဲ့လို။ ဟဲ့! သေနာလေး နင့်အသံက လူသတ်ခါနီးအသံဖြစ်နေပါလား ဘာတွေဖြစ်နေတာလဲ တဲ့။ ခိခိ ဆိုတဲ့ကောင်မလေး..သူကအိမ်ထောင်ကျပီး နယ်မှာတာဝန်ကျနေတာ ။မေရယ် ခိခိရယ် မိဝါရယ် ဆိုပီး ရဲသုံးဖော်ဆိုတာ ကျနော့်ပြောမနာဆိုမနာတွေဆိုတာ ခင်ဗျားတို့သိပီးသားပဲ။
ကျနော်လည်း အခွင့်ကြုံတာနဲ့ မထူးဘူးဆိုပီး အတော်ပဲ မိခိရယ် ဒီမှာကွာ မိန်းမတစ်ယောက်က ငါ့ကို အုပ်ပီး မယူနိုင်ဘူးလုပ်နေလို့ အဲ့ဒါဘာလုပ်ရမှန်းမသိဖြစ်နေပီလို့ဟီး။ အဲ့လိုပြောထည့်ပစ်လိုက်ကော။ ဟိုဖက်က ဖွီးးး ကနဲ အသံနဲ့ချောင်းဆိုးသွားသံကြားလိုက်ရတယ်(လက်ဖက်ရည်သောက်ရင်းဖုန်းပြောနေတာတဲ့) ခဏနေမှ
မြတ်စွာဘုရား! ငါလက်ဖက်ရည်တောင်သီးကုန်ပီ ဘာတွေလဲ ဖိုးသက်ရာ.. နင့်ဟာကလဲ အဆန်းတကြယ်တွေထဖြစ်ပြန်ပီ သေသေချာချာလျှောက်တင်စမ်းငါ့ကိုဆိုပီး ပြန်မေးလာတယ်။ အေးငါလည်းဒါမျိုးမကြုံဖူးဘူးသူငယ်ချင်း.. ငါတသက်လုံးဘယ်မိန်းမကိုမှ ဒီလိုအောက်မကျို့ဖူးဘူး။ ငါ့ရည်းစားဟောင်းတွေအကုန်လုံးနဲ့တုံးကလည်း
တခါမှ လက်ထပ်ပါရစေလို့ ခွင့်မတောင်းခဲ့ဖူးဘူး။ ခုတော့ ငါ့ကိုအိပ်ရုံတင်ပဲတော်ပီဆိုတဲ့ မိန်းမနဲ့တွေ့လို့ အသည်းကွဲရတော့မယ်ဟာဆိုပီး မေ့ မျက်နာကိုစေ့စေ့ကြည့်ရင်း တမင်ရွဲ့ပီးကိုပြောနေလိုက်တယ်။ မေ က ကျနော်နဲ့ဖုန်းပြောနေတာဘယ်သူမှန်းရိပ်မိသွားပီး မျက်နာအတော်ပျက်စပြုလာပီ။ ဖုန်းထဲက မိခိ ကတော့ တဟားဟားနဲ့ ကျနော့်ကို
နောင်ပြောင်နေတုံးပဲ။ ဖုန်းထဲကနေအင်တာဗျူးလာလုပ်နေသေးတယ်။
ဟဲ့! နင့်ကိုအိပ်ရုံတင်ကြံတယ်ဆိုတော့ အပျိုပေါက်စလေးဟုတ်မယ်မထင်ဘူး ဖိုးသက် ဟုတ်လားဟ ဟီဟိ
အင်း မဟုတ်ဘူး ကလေးတစ်ယောက်အမေ
ဟယ် ကလေးတစ်ယောက်အမေကြီးလားခွီး နင်အတည်လိုချင်နေတယ်ဆိုမှတော့ တော်တော်ချောတော်တော်လှတဲ့ မိန်းမသေချာပေါက်ဖြစ်ရမယ်
ဟုတ်တယ် ချောမှချောလှမှလှ.. နင်ငါ့ကိုကူညီမလား သူငယ်ချင်း?
အမ်! ငါက ဘာကိုကူညီရမှာတုံး ငကြောင်
ကြည့်ပြောပေးကွာ .. ခဏကိုင်ထား
ဟဲ့! သောက်ပလုတ်တုပ် ဘာတွေတုံး
စပ်မြင်ကပ်ကပ်နဲ့ မျက်ရည်တစိုစို၊ နှပ်ချေးတရွတ်ရွတ်လုပ်နေတဲ့ ကျနော့်အရှေ့မှာထိုင်နေတဲ့ မေ့ လက်ထဲ ဖုန်းထိုးလည့်ပေးလိုက်တယ်။ အူကြောင်ကြောင်နဲ့ ဖုန်းကို လှမ်းယူပီး ကျနော့်ကိုမော့ကြည့်နေတဲ့ မေ့ ကို ပြောလေ လို့ပိတ်ဟောက်လိုက်မှ ဖုန်းကိုနားရွက်နားကပ်ပီး ငိုထားလို့ နှာခေါင်းသံပါနေတဲ့ အသံနဲ့
မိခိလား! အေး ငါဗျိုင်းလေး တဲ့။ ဟိုဖက်က ကောင်မတော့ ဘယ်လောက်တောင် ရှော့ခ်ရသွားမလဲမသိဘူးအဟီး။ သူလည်းဘယ်လိုမှ မျှော်လင့်မထားတဲ့ အသံကြားလိုက်ရမှာကိုးဗျ။ ဟုတ်တယ်! အင်း! ဆိုပီး ၂ခွန်းလောက်စကားပြောအပီးမှာ ကျနော့်ကို မော့ကြည့်လာပီး မောင်! နင်အိမ်ထဲ ခဏသွားပေး.. ငါမိခိနဲ့စကားပြောဦးမယ်
ဆိုပီး ရှောင်ခိုင်းလာတော့ ကျနော်လည်း ဘာမှပြန်မပြောတော့ပဲ အိမ်ထဲဝင်လာပီး ဧည့်ခန်းထဲငုတ်တုတ်ထိုင်နေမိတယ်။ တစ်နာရီကျော် နှစ်နာရီလောက်တောင်ကြာမလားမသိဘူး။ မေ အိမ်ထဲဝင်လာတယ်။ ကျနော့်ဖုန်းကို ဆက်တီစားပွဲပေါ်အသာလေးတင်ပီး သူ့အိပ်ခန်းထဲဝင်သွားတယ်။ ဘာမှလဲမပြောဘူး။ ကျနော်ချက်ချင်းထပီးလိုက်သွားတော့
သူ့အိပ်ခန်းတံခါးကို အတွင်းကနေ ဂျက်ချထားတယ်ဗျ။ ဘာလုပ်ရမှန်းမသိတော့တာနဲ့ ခုနက သူငယ်ချင်းမိခိကို ဖုန်းပြန်ခေါ်လိုက်တယ်။ ချက်ချင်းဖုန်းကိုင်တယ်။ ဘာတွေဖြစ်ကုန်တာလဲဟာ.. ဆိုတဲ့စိတ်လှုပ်ရှားနေတဲ့အသံအရင်ကြားလိုက်ရတယ်။ ငါ့ကိုအကုန်ပြောပြသွားတယ် နင်တို့ဟာကလည်း ငါဘာပြောရမှန်းမသိတော့ဘူးတဲ့။
အမောတကောနဲ့ ကျန်တာတွေနောက်မှပြောတော့ မေ နင့်ကိုဘာပြောသွားလဲလို့မေးလိုက်တော့.. သက်ပြင်းရှည်ချသံနဲ့ အင်းး အဓိက က နင့်ကိုမကြိုက်တာမဟုတ်ဘူးဟေ့ မလိုချင်တာလဲမဟုတ်ဘူး။ သူ့သမီးလေး ပထွေးရမှာစိုးလို့တဲ့ ဆိုတဲ့အသံကြားလိုက်ရတော့မှ ဇာတ်ရည်လည်သွားတော့တယ်။ လူလည်းဘာလုပ်ရမှန်းမသိတော့ဘူး။
နင်စိတ်အေးအေးထားပီး အိမ်ပြန်အိပ်တော့.. ငါဂိုဏ်းချုပ်ဆီဖုန်းဆက်ဦးမယ် စိတ်မပူနဲ့ဆိုပီးဖုန်းချသွားတယ်(ဂိုဏ်းချုပ်ဆိုတာ ကျန်တဲ့သူငယ်ချင်းမတစ်ယောက်ကိုပြောတာ သူတို့အထဲမှာ အသက်အကြီးဆုံးတစ်ယောက်)
ဒါနဲ့ ကျနော်လည်းလစ်လာခဲ့ရောဆိုပါတော့။ နောက်နေ့ကြတော့ ဖုန်းတွေတဂွမ်ဂွမ်ဖြစ်နေတယ်။
ဂိုဏ်းချုပ် မိဝါဆီက ဖုန်း၊ မိခိဆီကဖုန်း တစ်ယောက်နဲ့ပြောလိုက်၊ နောက်တစ်ယောက်နဲ့ဆက်ပြောလိုက်။ ရှုပ်ရှက်ကိုခတ်နေတာပဲ။ အမှန်က သူငယ်ချင်း အချင်းချင်းသူတို့လည်းညားစေချင်ကြတာပေါ့ဗျာ။ အရင်ကထဲက သူတို့တွေ ကျနော်နဲ့မေ့ ကိုပေးစားချင်နေကြတာဆိုလား။ ခပ်ပေတေတေလုပ်နေတဲ့ကောင်ရယ်၊ အိမ်ထောင်ပျက်ပီး အားကိုးအားထား
မရှိတဲ့သူရယ် မထူးပါဘူးဟာ ငါတို့စပ်ပီးပေးစားလိုက်ကြအောင်ဆိုပီး ခဏခဏနောက်နေကြဆိုလား။ ခုလို သူတို့ကွယ်ရာမှာ ဒီလိုဖြစ်ကုန်တယ်ဆိုတော့ ကြားကြားချင်းဝမ်းတွေသာလို့ပေါ့။ ဒါပေမယ့် သူတို့ဘယ်လိုပဲကြားထဲက ကြောင်းလှမ်းစေ့စပ်ပေမယ့် နောက်ဆုံးမှာ ဘာမှ ဖြစ်မလာခဲ့တော့ပါဘူးလေ။ မေ က ခေါင်းမာတယ်။ တသက်လုံးသူနဲ့လာအိပ်လာ
ရတယ်။ မလိုချင်တော့တဲ့အချိန် ကြိုက်တဲ့မိန်းမ သွားယူချေ သူ့ကိုတော့ လက်ထပ်ဖို့ရာ ဒီတသက်မဖြစ်နိုင်ပါတဲ့။ ဒါပါပဲဗျာ။ ဒီကြားထဲ ကျနော်လည်း အတင်းကြိုးစားခဲ့ပါသေးတယ်။ အသေးစိတ်တွေမပြောချင်တော့ဘူး။ မေရယ် နင့်သမီး ငါ့သမီးပေါ့ဟာ။ ငါလည်းနင့်သမီးလေးကို ဒီလောက်ချစ်တာ မဆိုင်တာတွေမတွေးစမ်းပါနဲ့ဘာညာဆိုပီး ချော့မော့ပြောတာလည်း
မရပါဘူး။ တခါတလေ အရက်မူးမူးနဲ့ပြုံးစိစိလုပ်ပီး ရိသဲ့သဲ့တွေလည်းလုပ်ဖူးခဲ့တယ်။ မေ! ငါနင့်ကို ပိုင်းလုံးလုပ်မှာကြောက်လို့လားကွယ်.. နင်ချမ်းသာတာငါသိပါတယ်.. ဒါပေမယ့် ငါ့အဘွားလည်း သေတော့မှာပါ သိပ်မနေရတော့ပါဘူးလို့..သူသေရင် နို့ခြောက်မှုန့်ဗူးတွေအကုန်ငါရမှာပါလို့ ...ဟီဟိ။ ဘာဗူးတွေလဲ ဆိုတော့ လက်တိုဂျင်နို့မှုန့်ဗူးတွေလေဟာ..
၈ဗူး၉ဗူးလောက်ရှိတယ် သူ့ကုတင်အောက်မှာ ထည့်ထားတာ အထဲမှာရွှေထည်စိန်ထည်တွေငါဘိန်းစားတုံးကတောင် တစ်ဗူးခိုးရောင်းဖူးတယ် နည်းတဲ့ပစ္စည်းတွေမဟုတ်ဘူး စိတ်ကူးမလွှဲနဲ့ .. မန်းလေးကအိမ် အပြင် ရှမ်းပြေက ခြံတွေလည်း ငါ့ကို အမွေပေးမှာသိလား.. ကဲ! ဒါဆို ဘယ်လိုလဲ ငါ့ကိုယူမှာလားလို့ ငါမညာဘူး နင်မယုံရင် ငါ့အဘွားကိုဖုန်းဆက်မေးကြည့်
ဘာညာဆိုပီး မူးမူးနဲ့ အဲ့လိုတွေပေါက်ကရလျှောက်ပြောခဲ့တာတွေ။ နောက်ဆုံးတော့ ကျနော်ရှုံးသွားတယ်ဗျာ။ စေ့စပ်ကြောင်းလမ်းရေးပွဲစားလုပ်တဲ့ ဟို၂ကောင်လည်း လက်မြှောက်အရှုံးပေးသွားတယ်။ ငှက်ပျောတုံးသာရှာပီး ဖက်အိပ်လိုက်တော့ ဖိုးသက်ရေတဲ့ အဟင့်။
ကျနော်ဇာတ်လမ်းထဲမှာရေးခဲ့သလိုပါပဲ။ အလက်ဇန်းဒါးသည်ဂရိတ်ဆိုတဲ့ကောင်က အသက်၃၀မှာ ကမ္ဘာတစ်ခြမ်းကို အောင်နိုင်ခဲ့သတဲ့ ကျနော်ဆိုတဲ့ကောင်က အသက်၃၀မပြည့်တပြည့်မှာ မိန်းမတစ်ယောက်ရဲ့ ဘ၀တစ်ခြမ်းကိုတောင် မအောင်နိုင်ခဲ့တဲ့ကောင်ပေါ့ဗျာ။
ရှုံးတယ်။ ဒါပါပဲ။ တစ်ပတ်ဆယ်ရက်လောက် တစ်ဖက်ကမ်း စစ်ကိုင်းဖက်ကူးပီး ဦးဇင်းရွှေဘဆီ သွားအိပ်နေလိုက်ခဲ့သေးတယ်။ ကိုယ်တော်ကလည်း အဖြစ်အပျက်တွေအကုန်ကြားတော့ အိမ်း! ရှမ်းသူပုန် မင့်မလဲ ခုထိဝဋ်ကြွေးဆပ်တုံးပါလား မထူးပါဘူးကွာ ငါ့ဆီမယ် အပီးအပိုင်သင်္ကန်းသာဝတ်လိုက်ပါတော့တဲ့(ကြပ်ချက်ဟီးဟီး)။
ဒကာ့ဥစ္စာက အဆင့်တွေတော်တော်ကျလာလိုက်တာ ခုဆို တစ်ခုလပ်မလေးကတောင် မလိုချင်တော့တဲ့ အခြေနေဖြစ်လာတယ် နောက်နောင်ဆို ကလေး၃-၄ယောက်အမေ မုဆိုးမနဲ့များညားမလားပဲ တဲ့။ ဦးပဇင်းကလည်းဗျာ စိတ်ညစ်ရတဲ့အထဲ ပေါက်ကရတွေလို့ပြောပီး အော်ရယ်နေမိတယ်။ နည်းနည်းနေသာထိုင်သာရှိလာတော့မှ ပြန်လာခဲ့တယ်။
ကျနော်အရှုံးပေးလိုက်ပီဗျာ။ မေ့ အနားမှာလည်း ဆက်မနေနိုင်တော့ဘူး။ အဝေးဆုံးကိုထွက်သွားလိုက်တော့မယ်။ ခေါင်းမာတာက မေ တစ်ယောက်ထဲမဟုတ်ဘူး။ ကျနော်လည်းတူတူပဲ။ အိပ်တော့အိပ်မယ် လက်မထပ်နိုင်ဘူးဆိုတာ အင်မတန်အတ္တမာနကိုထိခိုက်တဲ့ စော်ကားမှုလို့ ကျနော်ယူဆသွားပီဗျ။ တိုတိုနဲ့လိုရင်းပြောရရင် ကျနော်နောက်ဆုံးအကြိမ်
မေ့ဆီကို သွားတွေ့လိုက်ပါတယ်။ သူ့ဆီလာတယ်လို့တော့ အကြောင်းမပြဘူးပေါ့လေ။ ဒေါ်ကြီးကို လာကန်တော့တာ ကျနော်ခရီးထွက်တော့မယ်ပေါ့ ဖိန့်ဖိန့်။ ခပ်တည်တည်နဲ့ လမ်းမှာတွေ့တဲ့ ကောက်ဝယ်လာတဲ့လက်ဆောင်လေးနဲ့ဒေါ်ကြီးကို ဧည့်ခန်းမှာကန်တော့နေတဲ့ အချိန် မေ က မီးဖိုခန်းထဲမှာ ချက်ပြုတ်နေရာက တစ်ချက်ထွက်ကြည့်ပီး ပြန်ဝင်သွားတယ်။
ဒေါ်ကြီးကတော့ ကျနော့်ကို စိတ်မကောင်းတဲ့မျက်နာလေးနဲ့ ကြည့်ပီး ခပ်တိုးတိုးနဲ့ပြောရှာပါတယ်။ ဒေါ်ကြီးစိတ်မကောင်းဘူး သားလေးရယ်တဲ့။ သားဒီမှာရှိသွားတဲ့၎-၅-၆လ အတွင်းမှာ အင်မတန်အားကိုးရလို့ ခြံလည်းလုံတယ်လေတဲ့(ဂိန်! ကျနော်ကခွေးလိုလိုကြီးဖြစ်မနေဘူးလားအဟီး) သူစကားပြောမတတ်လို့ပါဗျာ။ အမှန်က ယောကျာ်းသားရှိတော့ မိန်းမသားတွေ
လုံခြုံတယ်ဆိုတာမျိုးကိုပြောချင်တာပါ။ မေလေးနဲ့လည်း သားကို ကြိတ်ပီးသဘောတူပီးသားပါကွယ်တဲ့။ ဒါပေမယ့်ကွယ် ကလေးမလေးက စိတ်ဒဏ်ရာကြီးတယ်ကောကွယ်တဲ့။ သမီးလေးကိုယ်ဝန်ကြီးနဲ့ ခါးပတ်နဲ့ချွတ်အရိုက်ခံရ၊ မူးမူးနဲ့ ကိုယ်ဝန်ဆောင်မိန်းမကို လေးဖက်ထောက်ခိုင်းပီး ခွစီးလိုစီး အဲ့လိုတွေသူ့ယောကျာ်းကနှိပ်စက်တာခံခဲ့ရရှာတာတဲ့။
ဒီလောက်ချောတဲ့မိန်းမရထားရက်နဲ့ကို မိန်းမတွေလည်းရှုပ်ဆိုလား နောက်ဆုံး ပိုက်ဆံပုံပေးပီးကွာလိုက်ရတယ်တဲ့။ ဒီတော့ ကလေးမလေးကြည့်ရတာ နောက်အိမ်ထောင်မပြုရဲတဲ့စိတ်ရောဂါရနေဟန်တူပါရဲ့ကွယ်တဲ့။ ကျနော်က သူ့ငယ်သူငယ်ချင်းပါဒေါ်ကြီးရာ၊ ပီးတော့ သူ့ယောက်ျားဟောင်းလို သူ့ပိုက်ဆံတွေမက်လို့ ကြိုက်တာမှမဟုတ်တာ အဲ့လိုတွေလုပ်မလားဗျ
လို့ပြောလိုက်တော့ ဒေါ်ကြီးက သားကိုယုံပါတယ်ကွယ်။ ဒါပေမယ့် ကာယကံရှင်က အဲ့လိုဆိုတော့ ခက်သားပဲကွယ်တဲ့။ နောက်တော့ သက်ပြင်းချရင်း ဒီရက်ပိုင်း မေတစ်ယောက်ညတိုင်း မအိပ်ပဲ ငိုသံတအိအိ ဒေါ်ကြီးကြားပါတယ် စိတ်မကောင်းဘူး ကလေးတို့၂ယောက်စလုံးကို ဒေါ်ကြီးသနားပါတယ်လို့ ပြောရင်း ပုခုံးပေါ်တင်ထားတဲ့ တဘက်ပိုင်းလေးနဲ့ မျက်လုံးထောင့်က မျက်ရည်စ
တွေသုတ်နေတယ်။ ကျနော်လည်း ဘာမှမပြောတတ်ပါဘူးဗျာ။
ဒေါ်ကြီးထသွားတော့ မီးဖိုခန်းထဲဝင်ပီး မေ့ ကိုဝင်နှုတ်ဆက်တယ်။ ညနေစောင်းဆိုတော့ ဘီယာသောက်သွားမလားတဲ့။ ဒါနဲ့အကြော်အလှော်လေးတွေယူ ရေခဲသေတ္တာကိုမွှေလိုက်တော့ ကျားတံဆိပ်ဘီယာ၃လုံးတွေ့တယ်။
ငါတို့၂ယောက် မလောက်မငဖြစ်မယ်ဆိုပီး သူ့အတွက်အဲ့ဒီ၃လုံးကို ပေးလိုက်ပီး အရင်က ကျနော်သောက်လက်စ ခေါင်းကျိုးစပဲရှိသေးတဲ့ ဂျေဒီတစ်ပိုင်းကိုယူလာခဲ့ရင်း ခြံထဲဆင်းထိုင် သူက ဘီယာသောက်၊ ကျနော်က ၀ီစကီမော့ပေါ့။ ရေကိုမရောတော့ပဲ တစ်ပက်ပီးတစ်ပက်ချပစ်လိုက်တယ်။ သူလည်း ကျနော့်ကို ဘာစကားမှမပြောဘူး။ ဘီယာကိုကျိုက်လိုက်၊
ငါးမုန့်ခြောက်ကြော်၊မြေပဲလှော် ကောက်ဝါးလိုက် လုပ်ပီး ကျနော့်မျက်နာကိုပဲ ဆွေးရီရီငေးနေတယ်။ အဲ့ဒီအချိန်က ကျနော် သူ့အပေါ် အင်မတန်နာကျည်းထားတဲ့ အချိန်ဆိုတော့ သူကျနော့်ကို ငေးနေမှန်းသိသိနဲ့ မသိချင်ယောင်ဆောင်နေမိခဲ့တယ်။
နင်ဘယ်ကိုထွက်သွားမလို့လဲ
အဝေးကြီးကို
ငါ့ဆီပြန်လာဦးမှာလားလို့ မမေးတော့ပါဘူး
မမေးတာအကောင်းဆုံးပဲ
အဲ့လိုမပွင့်တပွင့်တွေပြောရင်း ဆက်ပြောစရာစကားမရှိတော့ဘူး။ ၀ီစကီပုလင်းကော၊ ဘီယာပုလင်းတွေကောပြောင်သလင်းခါသွားပီ။ အမှောင်ထုထဲမှာ ကျနော်တို့ တငုတ်တုတ်တုတ်ကလေးတွေထိုင်ပီး တိတ်ဆိတ်နေကြတယ်။ တော်တော်ကြီးကြာလာတော့ သူစကားစလာပြန်တယ်။
ဘယ်နေ့သွားမှာလဲ
နက်ဖန်
လိုက်ပို့ရမလား
နင့်မှာ အဲ့လောက်သတ္တိရှိမယ်လို့ ငါမထင်ဘူး
စကားပြောသံတွေပြန်တိတ်သွားကြပြန်တယ်။ ငါးမိနစ်၊ဆယ်မိနစ်၊ဆယ့်ငါး၊နှစ်ဆယ်။ ပြောလိုက်တော့လေဟာ။ မောင်ရေ မေလေး မောင်မရှိရင်သေလိမ့်မယ်သိလား။ ခဏလေးစောင့်ပါကွာ မေ မောင့်ကိုတချိန်ချိန်လက်ထပ်နိုင်အောင်ကြိုးစားပါ့မယ်။ ခုချက်ချင်းတော့ မေ မပြောတတ်သေးလို့ပါ။ မေ့ကို ထားမသွားပါနဲ့ကွယ်လို့ပြောလိုက်လေ။
ပြောလိုက်စမ်းပါ ငိုသံပါပါလေးနဲ့တစ်ချက်ရှိုက်သံပေးပီးပြောလိုက်။ ငါနင့်ကို အတင်းပွေ့ပီး ငါဘယ်မှမသွားတော့ဘူးဟာလို့ ချက်ချင်းပြောဖို့ဝန်မလေးပါဘူးကွာ။ ငါစောင့်နေတယ်ပြောလိုက်တော့။ ငါ့ကိုချစ်တယ်ဆို ပြောလိုက်စမ်းပါဟာ။ ကျနော့်စိတ်ထဲမှာ အဲ့လိုတွေအော်ဟစ်နေတယ်။ ဒါပေမယ့် သူမပြောဘူးဗျာ။ ကျနော်မျှော်လင့်သလိုပြောမလာဘူး။ စကားတော့ပြောလာတယ်။
ကျနော်မမျှော်လင့်ထားတဲ့စကားတွေ။
မောင်!
အင်း
မေ့ ကို တစ်ခါချစ်သွားချင်သေးလား
ဘာပြောတယ် ဟားဟား ရှိကြီးခိုးပါရဲ့ တော်ပါတော့ ဗျိုင်းလေးရာ (ကျနော့်ရယ်သံက အရူးရယ်သံလိုလိုဖြစ်နေတာသေချာတယ်ဗျ)
ဒါဆို မေ မောင့်ကိုနမ်းလို့ရမလား
ယုဒ က ခရစ်တော်ကိုနမ်းတဲ့ အနမ်းမျိုးလား မရဏအနမ်း ဟားဟား (ကျနော်တော်တော်မူးနေပီဗျ)
ဘာမှမပြောတော့ပဲ ခြံထဲကနေအိမ်ထဲပြန်ဝင်လာကြတယ်။ ဧည့်ခန်းထဲရောက်တော့ စားပွဲပေါ်ကဆိုင်ကယ်သော့ ကိုလှမ်းယူရင်း ဆော့နေတဲ့ သမီးလေးကို ကျနော်ပွေ့ချီရင်း ပါးဖောင်းဖောင်းလေးကို ဘယ်ပြန်ညာပြန်နမ်းပီးနှုတ်ဆက်နေမိတယ်။
ဘီယာအရှိန်ကြောင့်လားဘာကြောင့်လားမသိဘူး မျက်နာလေးနီရဲနေတဲ့ မေ တစ်ယောက် ကျနော်နဲ့သမီးလေးကို ကြည့်ပီး ဆတ်ကနဲ မျက်နာကျက်က လေးပေမီးချောင်းကို မော့ကြည့်နေတယ်။ (မျက်ရည်မကျအောင်မျက်နာကိုမော့ထားတယ်) သမီးကိုမြှူနေရင်း ခပ်အုပ်အုပ်အသံနဲ့ပြောလိုက်မိသေးတယ်။
နောက်ဆို လေးလေးမင့်ကို အရင်လိုမစောင့်ရှောက်နိုင်တော့ဘူး သမီးလေးရာ.. လိမ်လိမ်မာမာနေရစ်ခဲ့တော့နော်လို့(၀င်းဦးလေသံတွေဖမ်းပီးပြောလိုက်တာဟိဟိ) သမီးလေးကို လက်ထဲက ချပေးလိုက်ပီး မေ့ မျက်နာကိုတစ်ချက်မှမကြည့်တော့မှ ချာကနဲလှည့်ထွက်လာခဲ့တယ်။ သမီးလေးက ဘာမှမသိတတ်တဲ့အရွယ်လေးဆိုတော့ ဗမာရုပ်ရှင်ကားဟောင်း
ထဲတွေကလို ဦးဦးဖေဖေ ဆိုပီး ဗြဲကနဲ အော်ငိုပီး ပြေးလိုက်မလာဘူးရယ်အဟီး။ ဒေါ်နန်းမေမေကြည် တစ်ယောက်ကလည်း မောင် ကျမတို့သားအမိကိုထားသွားတော့မလို့လားရှင် ဆိုပီးငိုသံပါလေးနဲ့ ပြေးလိုက်မလာခဲ့ပါဘူး။ တစ်ထပ်တိုက်ပုလေးရှိတဲ့ ခြံဝင်းထဲကနေ ဝေါကနဲမောင်းထွက်သွားတဲ့ ယောက်ျားစီး ဆိုင်ကယ်အိုလေးပေါ်မှာ ကျနော်တစ်ယောက်ထဲရယ်။
တခါက အဲ့ဒီဆိုင်ကယ်အိုလေးရဲ့နောက်မြီးမှာ ထိုင်ရင်းကျနော့်ကျောပေါ် ပါးလေးအပ်လို့မှီတွယ်ခဲ့ဖူးသူတစ်ယောက် အဲဒီညက ပါမလာခဲ့တော့ဘူး။ သူထာဝရကျန်ရစ်ခဲ့ပီ။
channko

Comments
Post a Comment